မန်စီမြို့နဲ့ တဝိုက် အစိုးရတပ်နဲ့ KIA တိုက်ပွဲ ပြင်းထန်

  • 29 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption အစိုးရနဲ့ KIA အကြား အပစ်ရပ်ရေး ဆွေးနွေးမှုတွေ ရှိနေပေမယ့် အောက်ခြေအဆင့် တပ်ဖွဲ့တွေအကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားနေဆဲ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့ပေါ်နဲ့ အနီးတဝိုက် မှာ အစိုးရတပ်နဲ့ KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့တွေ အကြား ပစ်ခတ်မှုတွေ ပိုများလာလို့ စာသင်ကျောင်းတွေနဲ့ အစိုးရရုံး တချို့ ကို စက်တင်ဘာလ ၂၉ရက်နေ့ မနက်ပိုင်းမှာ ပိတ်လိုက်ရပါတယ်။

မန်စီမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာတဲ့အတွက် မြို့ပေါ်က စာသင်ကျောင်းတွေ ပိတ်လိုက်ရပြီး အစိုးရရုံးတချို့လည်း ဗန်းမော် ခရိုင်ဘက်မှာ ပြောင်းရွှေ့ ဖွင့်ထားလိုက်ရတယ်လို့ မန်စီမြို့ KBC ကချင် နှစ်ခြင်း ခရစ်ယာန်အဖွဲ့က တာဝန်ရှိသူ ဆရာနော်စိုင်းက ပြောပါတယ်။

မန်စီမြို့ အနီးတဝိုက်မှာ အစိုးရတပ်နဲ့ ကချင် လွတ်မြောက်ရေး တပ်မတော် KIA တပ်တွေ အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာ ၃ရက် ဆက်တိုက် ရှိနေပြီး စက်တင်ဘာလ ၂၉ရက်နေ့ မနက်မှာတော့ ပစ်ခတ်မှုတွေ ပိုမို ပြင်းထန်လာတာပါ။

မန်စီမြို့ အနီးတဝိုက် တိုက်ပွဲတွေကြောင့် ဒုက္ခသည် ၂၀ဝ လောက် မြို့ပေါ်က ခရစ်ယာန် ဘုရားကျောင်းတွေမှာ လောလောဆယ် လာရောက် ခိုလှုံနေရပါတယ်။

ဒါ့အပြင် မန်စီမြို့နဲ့ ၇မိုင် အကွာ မိုင်းခေါင် ကျေးရွာမှာလည်း စစ်တပ်နဲ့ KIAတပ်တို့အကြား အခုရက်ပိုင်း တိုက်ပွဲတွေ ပို ပြင်းထန်လာပြီး စစ်ဘေးရှောင် ထွက်ပြေးလာရတဲ့ ရွာသားတွေ အတွက် စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ မြစ်ကြီးနားမြို့ ကချင် နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် KBC ပြန်ကြားရေးတာဝန်ခံ ဦးလမားယော်က ပြောပါတယ်။

မန်စီမှာ တိုက်ပွဲတွေ ဖြစ်နေပေမယ့်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ကတော့ ကချင်ပြည်နယ်မှာ ပါတီ စည်းရုံးရေး ခရီးစဉ် သွားမှာ ဖြစ်ပြီး လာမယ့် အောက်တိုဘာ ၂ရက်နေ့က စတင်မယ့် ၅ရက်ကြာ စည်းရုံးရေး ခရီးစဉ်အတွင်း မန်စီမြို့ အပါအဝင် မြို့ အတော်များများမှာ လူထု ဟောပြောပွဲတွေ လုပ်ဖို့ စီစဉ်ထားပါတယ်။