မဲဆန္ဒရှင်စာရင်း အပေါ် ပြည်သူတွေ စိတ်ဝင်စားမှုနည်း

  • 1 အောက်တိုဘာ 2015
_votereducation
Image caption အမှားအယွင်း ရှိလို့ ပြင်ဆင်တဲ့ ရာခိုင်နှုန်းလည်း နည်းပါး လှတယ် လို့ PACE အဖွဲ့ က ပြော။

၂၀၁၅ ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင် စာရင်းတွေ ကို ရွေးကောက်ပွဲ ကော်မရှင် က ကြေညာ ပြသခဲ့တဲ့ ဖြစ်စဉ် မှာ ပြည်သူတွေ အပေါ် အသိပေး လှုံ့ဆော် မှု အပိုင်း မှာ အားနည်း နေတဲ့ အတွက် ပြည်သူတွေ အနေနဲ့ လည်း ကိုယ့်ရဲ့ နာမည် မဲဆန္ဒ ရှင် စာရင်းထဲ ပါဝင် နိုင်ဖို့ရာ ပူးပေါင်း ဆောင်ရွက် မှု နည်းပါး တယ် ဆိုပြီး စောင့်ကြည့် လေ့လာရေး အဖွဲ့ PACE က ထုတ်ပြန် ပါတယ်။

တပြည်လုံး အနှံ့ က မဲဆန္ဒနယ် မြေ တွေ ထဲ က ၈၆၂ နေရာ ကို PACE လို့ ခေါ်တဲ့ ယုံကြည်ရသော ရွေးကောက်ပွဲများ ပေါ်ပေါက်ရေး ပြည်သူများ ပူးပေါင်း လှုပ်ရှား မှုအဖွဲ့ က စောင့် ကြည့် ခဲ့တာ မှာ မဲဆန္ဒရှင် စာရင်း ကို လာရောက် ကြည့် ရှု စစ်ဆေး ခဲ့သူ နည်းပါးပြီး၊ အမှားအယွင်း ရှိလို့ ပြင်ဆင်တဲ့ ရာခိုင်နှုန်းလည်း နည်းပါး လှတယ် လို့ PACE အဖွဲ့ က ပြောပါတယ်။

ဒါ့အပြင် မဲဆန္ဒရှင် စာရင်းတွေ ကြေညာ ထားစဉ် မှာလည်း မဲစာရင်း နဲ့ ပတ်သက်ပြီး ကော်မရှင်၊ နိုင်ငံရေးပါတီ နဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ အနေနဲ့ ပညာပေး အစီအစဉ် တွေ ပြုလုပ် မှု နည်းပါးတာ တွေ့ခဲ့ရတယ် လို့ PACE အဖွဲ့ က အစီအစဉ် မန်နေဂျာ တစ်ဦး ဖြစ်တဲ့ ဦး ဟန်စိုးထွန်း က ဘီဘီစီ ကို ပြောပါတယ်။

မဲဆန္ဒရှင် စာရင်း အပါအဝင် ရွေးကောက်ပွဲ နဲ့ ပတ်သက်တဲ့ သတင်းအချက် အလက် တွေဟာ ပွင့်လင်း မြင်သာမှု ရှိရှိ ပြည်သူတွေ ဆီကို ပိုမို ရောက်ရှိ နိုင်ပါမှ ရွေးကောက်ပွဲ အတွင်း ပြည်သူ တွေ ရဲ့ ပူးပေါင်း ပါဝင်မှု ပိုမို ရရှိ နိုင်မှာ ဖြစ်တယ် လို့လည်း ဦး ဟန်စိုးထွန်း က ဆိုပါတယ်။

လွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲ တစ်ရပ် ဖြစ်လာ ဖို့ကလည်း ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ သူတို့ ကိုယ်တိုင် ကြေညာ ထားတဲ့ ဥပဒေ မူဘောင် တွေ အတိုင်း လိုက်နာ ဆောင်ရွက် ဖို့ လိုတယ် လို့လည်း ဦး ဟန်စိုးထွန်း က ပြောပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်ရာမှာ ကိုယ်စားလှယ် လောင်း တွေ အနေနဲ့ လူမျိုးရေး၊ ဘာသာရေး နဲ့ ကျား-မ လိင် ခွဲခြား ပြီး လှုံဆော် တာမျိုး ရှိသလား ဆိုတာ ကိုလည်း PACE အဖွဲ့ က စောင့်ကြည့် နေပြီး အခု အချိန် အထိ တော့ လူမှု အသိုင်းအဝိုင်း အတွင်း အကြမ်းဖက် တိုက်ခိုက် မှု တွေ ဖြစ်ပေါ် နိုင်လောက် အောင် အန္တရာယ် ကြီး တဲ့ လှုံဆော်မှု မျိုး မတွေ့ရ သေးဘူးလို့ PACE အဖွဲ့ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ