ကချင်မှာ ဒေါ်အောင်ဆန်းစုကြည် စည်းရုံး

  • 2 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် EPA
Image caption ဒေါ်အောင်ဆန်းစုကြည် ဟောပြောစဉ်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ်အစိုးရနဲ့ ကချင် ပါတီ အချို့က ကန့်သတ် တားဆီးမှုတွေ ရှိနေတဲ့ ကြားက မြစ်ကြီးနားနဲ့ ဝိုင်းမော်မှာ ဒီကနေ့ မဲဆွယ် စည်းရုံး ခဲ့ပါတယ်။

ဒီမနက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လေကြောင်းလိုင်းနဲ့ မြစ်ကြီးနားကို ရောက်ရှိလာပြီး၊ ပြည်နယ်အစိုးရက ခွင့်ပြုချက် မပေးလို့ ကချင် ရိုးရာ မနောကွင်းမှာ ဟောပြောမှု မပြုလုပ်နိုင်ခဲ့ပဲ၊ မနော အားကစား ကွင်းမှာပဲ ဟောပြောမှု ပြုလုပ်ခဲ့ပါတယ်။

ဟောပြောပွဲ ကို ပရိတ်သတ် သောင်း ဂဏန်း တက်ရောက် ပြီးတော့ ဒေါ်အောင်ဆန်း စုကြည် ဟောပြောမှု အပြီးမှာ တက်ရောက်လာတဲ့ ဒေသခံတွေက မေးခွန်းတွေ မေးခဲ့ကြပါတယ်။

NLD ပါတီ ရွေးကောက်ပွဲ နိုင်ရင် ဘာသာခြားတွေ ကြီးစိုးသွားမယ်ဆိုတာ ဟုတ်ပါသလားဆိုတဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို မေးတဲ့ လူတွေက နိုင်ငံရေးကို နားမလည်တာပါ၊ ဒီမိုကရေစီ နိုင်ငံရေး ကိုလည်း နားမလည်တာပါ။

လူမျိုးရေး၊ ဘာသာရေးကို အကြောင်းပြပြီး ပြည်သူတွေကို မှိုင်းတိုက် နေတဲ့ ပုဂ္ဂိုလ် တွေကို မယုံပါနဲ့၊ နောက်ပြီးတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာလည်း လူမျိုးရေး ဘာသာရေး ကိစ္စတွေကို နိုင်ငံရေးမှာ ထည့်မပြောဖို့ ကန့်သတ်ထားပါတယ်။

အခြေခံ ဥပဒေက ကန့်သတ်ထားတဲ့ ကြားထဲကမှ လူမျိုးရေး ဘာသာရေး မှိုင်းတိုက် ဝါဒ ဖြန့်နေတဲ့ လူတွေ ကို ဘာကြောင့် အာဏာပိုင်တွေက အရေးမယူသလဲ ဆိုတာ မေးခွန်း မေးစရာ ရှိပါတယ်လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟောပြောချက် တွေထဲမှာ မြစ်ဆုံကိစ္စကို အစိုးရက ရှင်းရှင်းလင်းလင်း ချပြဖို့၊ ကျောင်းသား သမဂ္ဂတွေ ဥပဒေနဲ့အညီ ဖွဲ့ရမဲ့ ကိစ္စနဲ့၊ ကိုယ်စားလှယ်တွေကို မကြည့်ပဲနဲ့ ပါတီအလံကို ကြည့်ပြီး ၂၀၁၀ ရွေးကောက်ပွဲ နဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတုန်းက မပေးခဲ့ ရတဲ့ မဲတွေ ပုံအောပြီး NLD ပါတီကို ပေးကြဖို့ စည်းရုံး ဟောပြောခဲ့တယ်လို့ ဆိုပါတယ်။

မနက်ပိုင်း မြစ်ကြီးနားမှာ ဟောပြာမှု ပြုလုပ်ခဲ့ပြီး ညနေပိုင်းမှာ ဝိုင်းမော်မှာ ဆက်လက် ဟောပြာ စည်းရုံးမှု ပြုလုပ် ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ ကချင်ပြည်နယ်မှာ ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံးမှု အဖြစ် (၅) ရက် ခရီးစဉ်မှာ နေရာ (၁၀) နေရာ လောက်သွားဖို့ စီစဉ်ထားတယ် လို့ ဆိုပါတယ်။

ဒါပေမယ့် KIA နဲ့ အစိုးရ တပ်တို့ တိုက်ပွဲ ဖြစ်ပွား နေတဲ့ မန်စီ၊ တနိုင်း စတဲ့ နေရာတွေကိုတော့ မသွားဖြစ်ဘူး လို့ NLD ပါတီရဲ့ ပြောရေး ဆိုခွင့် ရှိသူ ဦးဝင်းထိန်က ပြောပါတယ်။