အပစ်ရပ်နေ့ အတွက် ရန်ကုန်မှာ ဆွေးနွေးမယ်

  • 3 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် MPC
Image caption မြန်မာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ

မကြာခင်မှာ လက်မှတ် ထိုးဖို့ ရှိတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် NCA အတွက် အပစ်ရပ်နေ့ သတ်မှတ်ဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေ ရန်ကုန်ကို ရောက်ရှိနေကြပြီလို့ ဆိုပါတယ်။

အောက်တိုဘာ (၄) ရက်နေ့မှာ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာန မှာ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ UBWC နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ကိုယ်စားလှယ်တွေ NCA လက်မှတ် ရေးထိုးမဲ့ နေ့ သတ်မှတ် နိုင်ဖို့ ပြီးတော့ ကျင်းပ နိုင်ဖို့ အတွက် နှစ်ဘက် ပူးပေါင်း ကော်မတီ ဖွဲ့ဖို့ အတွက် ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။

အပစ်ရပ်နေ့ သတ်မှတ်ဖို့ အတွက် တိုင်းရင်းသား အဖွဲ့ အစည်း (၈) ဖွဲ့က တက်ရောက်ဖို့ စာရင်းပေးပို့ ထားတယ်လို့ ဆိုပါတယ်။

KNU၊ ABSDF၊ Peace Council၊ DKBA၊ ALP၊ CNF၊ PNLA နဲ့ RCSS စုစုပေါင်း (၈) ဖွဲ့ ရောက်ရှိ နေကြပြီလို့ မြန်မာ ငြိမ်းချမ်းရေး စင်တာက အကြီးတန်း အကြံပေး ဦးလှမောင်ရွှေ က ပြောပါတယ်။

မနက်ဖန် ဆွေးနွေးပွဲမှာ NCA လက်မှတ် ထိုးဖို့ ရက်ကို သတ်မှတ် နိုင်ဖို့အတွက် ညှိနှိုင်းကြမယ်လို့ ဆိုပါတယ်။

ရက်သတ်မှတ် ပြီးရင်တော့ ဖိတ်စာပေးဖို့ ဖိတ်ကြားတာတွေ လုပ်မှာ ဖြစ်ပြီး နောက်ပိုင်းမှာ မတရား အသင်း ကနေ ပယ်ဖျက်ဖို့ ကြေငြာ တာတွေ လုပ်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်မှတ်ထိုးပွဲမှာ အဓိက သက်သေများ အဖြစ် တိုင်းရင်းသားတွေ ဘက်က အဆိုပြုထားတဲ့ အိမ်နီးနားချင်း တွေ ဖြစ်တဲ့ ထိုင်း၊ အိန္ဒိယ၊ တရုတ် ပြီးတော့ ကုလသမဂ္ဂ အဖွဲ့နဲ့ ဥရောပ သမဂ္ဂ အဖွဲ့တွေ အပြင်၊ မြန်မာ့ နိုင်ငံရေး ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး တို့လည်း အသိသက်သေ အဖြစ် ပါဝင်မယ်လို့ ပြောပါတယ်။