NCA ဟာနိုင်ငံရေးဆွေးနွေးပွဲလမ်းစလို့မယုံကြောင်း ကရင် CSO တွေပြော

  • 5 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် MPC
Image caption ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လူ အများယုံ ကြည်အောင် မလုပ်နိုင်ဘူးလို့ ကရင် CSO တွေကဆို

တနိုင်ငံလုံး အပစ်ရပ်ရေး သဘောတူ စာချုပ် ဆိုင်ရာ ဆွေးနွေးမှု တွေဟာ နိုင်ငံရေး ဆွေးနွေးပွဲ အတွက် လမ်းစ ဖြစ်တယ် ဆိုတာကို ယုံကြည် နိုင်ခြင်း မရှိတော့ဘူး လို့ ကရင် လူမှု အဖွဲ့အစည်း ၄၁ ဖွဲ့က တနင်္ဂနွေနေ့ က ကြေညာချက် ထုတ်ပြန်ခဲ့ ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တွေကြား ယုံကြည်မှု မတည်ဆောက် နိုင်တာ၊ အားလုံး ပါဝင် လက်မှတ် ရေးထိုး နိုင်ခြင်း မရှိတာ၊ ကချင်နဲ့ ရှမ်းပြည်နယ် တွေမှာ အစိုးရ ထိုးစစ်တွေ ရှိနေတာ တွေကို ကြေညာချက် မှာ ဖော်ပြ ထားပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် ပြည်သူ အများ ယုံကြည် စိတ်ချမှု ရှိအောင် ဆောင်ရွက် နိုင်ခြင်း မရှိဘူး လို့လည်း ဆိုထား ပါတယ်။

ဒါ့အပြင် ကေအန်ယူ အဖွဲ့က အများစု ပါဝင်ခြင်း မရှိတဲ့ ဆုံးဖြတ်ချက်ကို ချပြီး အလောတကြီး လက်မှတ် ထိုးဖို့ ဆုံးဖြတ် ခဲ့တယ် လို့လည်း ကြေညာချက်မှာ အပြစ်တင် ထားပါတယ်။

ကရင်ဒေသမှာ တိုက်ပွဲတွေ မဖြစ်တော့ပေမယ့် သယံဇာတထုတ်လုပ်တာ၊ ဘိုးဘွားပိုင်မြေတွေ အသိမ်းခံရ၊ ရွာမြေတွေပျောက်တာ တွေ ရှိတဲ့အတွက် ငြိမ်းချမ်းတယ်လို့ ပြောလို့ မရဘူး လို့ နိုင်ငံတကာ ကရင် အဖွဲ့ အာရှ ပစိဖိတ်ဒေသ ဆိုင်ရာ ဆက်သွယ်ရေး တာဝန်ခံ မန်းအောင်လဲန် ကပြော ပါတယ်။