ကိုကိုးကျွန်းကို NLD သွားမဲဆွယ်ဖို့ အခက်ကြုံနေ

  • 7 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ကိုကိုးကျွန်းမှာ မဲဆွယ်စည်းရုံးမှု အခြေအနေက လွတ်လပ်မျှတတဲ့ ယှဉ်ပြိုင်မှု မဟုတ်ဘူးလို့ NLD ကိုယ်စားလှယ်လောင်းပြော

ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပေါင်း ၃၀ ကျော်ပဲ လိုတဲ့ အချိန်မှာ ကိုးကိုးကျွန်း မြို့နယ်မှာ ဝင်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းတွေ အဲဒီမှာ မဲဆွယ် စည်းရုံးရေး ခရီးစဉ်တွေ အခုထိ စတင် နိုင်ခြင်း မရှိသေးပါဘူး။

အဲဒီ မြို့နယ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီနှစ်ခုထဲသာ အဓိက ပြိုင်ကြ မှာပါ။

ရန်ကုန်တိုင်းထဲမှာ ပါတဲ့ ကိုကိုးကျွန်း မြို့နယ် ဟာ ရေတပ်စခန်း ဌာနချုပ် ဖြစ်ပြီး အရပ်သား နေထိုင်တာ မရှိသလောက် နည်းပါတယ်။

လူဦးရေ ထောင်ကျော်သာ ရှိပြီး လမ်းပန်း ဆက်သွယ်ရေး ကလည်း အင်မတန် ခက်ခဲပါတယ်။

သင်္ဘောငှား သွားဖို့အတွက် ကုန်ကျ စရိတ်က အရမ်းကြီးလွန်းသလို ဟိုင်းကြီးကျွန်းကနေ ကိုကိုးကျွန်းကို သွားတဲ့ စက်လှေသမားတွေကိုလည်း NLD အဖွဲ့ဝင်တွေနဲ့ အဆက်အသွယ် မလုပ်ကြဖို့ ပြောထားတာကြောင့် သူတို့ကို ဘယ်စက်လှေကမှ မတင်ရဲကြဘူးလို့ ကိုကိုးကျွန်းမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း ဦးဝင်းကိုကိုဝင်း က ဘီဘီစီကို ပြောပါတယ်။

အောက်တိုဘာလ ၆ရက်နေ့ကတော့ တိုင်းဒေသကြီး အစိုးရက တပ်မတော် လေယာဉ်နဲ့ စီစဉ်ပေးတာ ရှိပေမယ့် နေရာ အခက်အခဲ ရှိလို့ ဆိုပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေ တကယ်တမ်း လိုက်ပါခွင့် မရခဲ့ကြပါဘူး။

ဒါပေမယ့်လည်း ပြိုင်ဘက် ပါတီဝင်တွေကတော့ တပ်မတော် လေယာဉ်တွေ၊ တပ်မတော် စစ်သင်္ဘောတွေနဲ့ သွားခွင့် ရကြတယ်လို့ ဦးဝင်းကိုကိုဝင်းက ပြောပါတယ်။

ကိုကိုးကျွန်းမြို့နယ်က ပြည်သူ့ လွှက်တော်နဲ့ တိုင်းဒေသကြီး လွှက်တော်တို့မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ နှစ်ခုထဲ ထိပ်တိုက် တွေ့ကြဖို့ ရှိပြီးပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အငြိမ်းစား ကာကွယ်ရေး ဦးစီးချုပ်( ရေ ) ဦးသူရ သက်ဆွေနဲ့ ရန်ကုန်တိုင်း နယ်လုံဝန်ကြီး ( ငြိမ်း ) ဦးတင်ဝင်းတို့က တိုင်းဒေသကြီး လွှက်တော် တို့က ဝင်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ကိုကိုးကျွန်းရဲ့ မဲဆွယ် စည်းရုံးမှု လက်ရှိ အခြေအနေကို ကြည့်ရင် လွတ်လပ်မျှတတဲ့ ယှဉ်ပြိုင်မှုလို့ ပြောလို့ မရပေမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေကတော့ မဲဆွယ် စည်းရုံးခွင့်ရအောင် ဆက်လက် ကြိုးပမ်း သွားမယ် လို့ပြောပါတယ်။