ဟန်ဂျင်းစက်ရုံမှာ အလုပ်သမားတွေ ဆန္ဒပြ

  • 6 အောက်တိုဘာ 2015
Workers strike in Burma ဓာတ်ပုံ မူပိုင် AP
Image caption အနိမ့်ဆုံး လုပ်ခ သတ်မှတ်ပြီးနောက် ကျန် တဲ့ ခံစားခွင့်တွေ ဆုံးရှုံးသွားတယ်လို့ အလုပ် သမားတွေ ဆို

အလုပ်ရှင်နဲ့ အလုပ်သမားတွေကြား လုပ်ခနဲ့ ခံစားခွင့် တွေနဲ့ ပါတ်သက်လို့ သဘောတူ ချုပ်ဆိုရမယ့် စာချုပ်ပါ အချက်အလက် တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြတဲ့ ရွှေပြည်သာ စက်မှုဇုန် မှာ ရှိတဲ့ ဟန်ဂျင်း အထည်ချုပ် စက်ရုံ က အလုပ်သမား တစ်ထောင်ကျော်လောက် ဆန္ဒပြ တောင်းဆို နေပါတယ်။

အဲဒီထဲက အလုပ်သမား ၂၀ လောက်ကလည်း အစာငတ်ခံ ဆန္ဒပြ နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

အစိုးရက တစ်နေ့ အတွက် အနိမ့်ဆုံး လုပ်ခလစာ ၃၆၀၀ ကျပ် သတ်မှတ်ပြီးနောက်မှာ အလုပ်သမားတွေ ရနေတဲ့ တခြားခံစားခွင့်တွေကို အလုပ်ရှင် ဘက်က မပေးတော့ရာ ကနေ နှစ်ဖက် ညှိနှိုင်း မရတော့ဘဲ အခုလို တောင်းဆိုမှုတွေ ပြုလုပ်လာရတာ ဖြစ်တယ်လို့ ဟန်ဂျင်းအထည်ချုပ်စက်ရုံ က အလုပ်သမားခေါင်းဆောင် ကိုကျော်ကျော်မြင့်က ပြောပါတယ်။

အရင်က ပေးနေကျ ဖြစ်တဲ့ ဖယ်ရီကား၊ ကျွမ်းကျင်ကြေး၊ ရှားပါး စရိတ်၊ ရက်မှန်ကြေးနဲ့ ထမင်းဖိုးတွေ မပေးတော့ဘဲ ဖြတ်တောက် ပစ်တာလို့ သူက ပြောပါတယ်။

ညှိနှိုင်းမှုတွေ ပြေလည်မှ အလုပ်ပြန်ဆင်းမယ်လို့ အလုပ်သမားတွေဘက်က ပြောပါတယ်။

အငြင်းပွားမှုကို လောလောဆယ် ရွှေပြည်သာ မြို့နယ်ရုံးမှာ ညှိလို့ အဆင်မပြေတဲ့ အတွက် တိုင်းဒေသကြီး ခုံသမာဓိရုံးမှာ အလုပ်ရှင်နဲ့ အလုပ်သမားကိုယ်စားလှယ်တွေ ဆက်လက် ညှိနှိုင်းဖို့ ရှိနေပါတယ်။

ဒါနဲ့ ပတ်သက်လို့ အလုပ်ရုံ နဲ့အလုပ်သမား စစ်ဆေးရေး ဦးစီးဌာန ညွှန်ချုပ် ဦးဝင်းရှိန် ကတော့ ခုံသမာဓိ ကောင်စီရဲ့ အဆုံး အဖြတ်ကို စောင့်နေတယ်လို့ ပြောပါတယ်။

ဆန္ဒပြမှုတွေ ရှိနေတဲ့ ဟန်ကျင်း အထည်ချုပ် စက်ရုံမှာ အလုပ်သမား နှစ်ထောင်ကျော် ရှိရာမှာ အလုပ်သမား ကိုးရာလောက်က အလုပ်ရှင်ဘက်က ပေးတဲ့ လုပ်ခနဲ့ ခံစားခွင့် တွေကို လက်ခံပြီး အလုပ်ပြန်ဆင်း နေပြီဖြစ်ပါတယ်။

ဆက်လက် တောင်းဆို နေတဲ့ အလုပ်သမားတွေကတော့ အလုပ်ရှင်ဘက်က မလိုက်လျောရင် အစာငတ်ခံဆန္ဒပြမှုလို တောင်းဆိုမှုတွေ ထပ်တိုးလုပ်ဖို့ ရှိနေတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ