ချင်းတွင်းမြစ်ရေ ပြဒါးပါဝင်မှု များပြား

  • 7 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption ချင်းတွင်းမြစ်

ချင်းတွင်း မြစ်ရေထဲမှာ ပြဒါး ပါဝင်မှုဟာ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး WHO က သတ်မှတ်ချက် ထက် ကျော်နေတယ်လို့ ဆိုပါတယ်။

မြန်မာနဲ့ ထိုင်းနိုင်ငံ ပညာရှင်တွေက ချင်းတွင်း မြစ် အရည်အသွေးကို လေ့လာမှု အပြီးမှာ ထုတ်ဖော် ပြောလိုက်တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက Strong Environment Institute အဖွဲ့နဲ့ မြန်မာ့ ဝန်းကျင် သိပ္ပံ အဖွဲ့အစည်း နှစ်ခု ပူးပေါင်း လေ့လာပြီး တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ပြဒါးတွေရှိမှုက တချို့နေရာတွေမှာ အလွန်းများပြား နေကြောင်းနဲ့ မြစ်ရည်ထဲမှာ ပြဒါး ပါဝင်မှု အဓိက အကြောင်းရင်းက ချင်းတွင်းမြစ် အထက်ပိုင်းမှာ ဆယ်စုနှစ်များစွာ အတွင်း ပြဒါးအသုံးပြုပြီး ရွှေကျင်မှုတွေကြောင့် ဖြစ်တယ်လို့ မြန်မာ့ ဝန်းကျင် သိပ္ပံ အဖွဲ့မှ ကိုဝင်းနိုင်ဦးက ပြောပါတယ်။

ဒီမြစ်ရေ ကို သောက်သုံးမှီခို နေရတဲ့ သူတွေမှာ ကင်ဆာရောဂါ၊ ဦးနှောက် အမှေးရောင် ရောဂါများ ဖြစ်ပွား နိုင်တယ်လို့ ဓါတုဗေဒ ပညာရှင် ဒေါက်တာ ခင်မောင်ညိုက ပြောပါတယ်။

ချင်းတွင်း မြစ်ဘေးမှာ နေထိုင်သူ ဦးရေ တစ်သန်းလောက်ရှိပြီး ပြဒါးပါဝင်မှုကြောင့် လူတွေ အပေါ်မှာ ထိခိုက် မှုတွေကို စောင့်ကြည့်လေ့လာသင့်တယ်လို့ ဆိုပါတယ်။

ချင်းတွင်းမြစ် အထက်ပိုင်းက ရွှေကျင် လုပ်ငန်း တွေကြောင် သဘာဝ ပါတ်ဝန်းကျင် ထိခိုက်မှု ဆိုးကျိုးတွေ ဖြစ်လာပြီး ဒီလုပ်ငန်း တွေဟာ ဒေသခံ အများစု ခံစားခွင့် သိသိသာသာ တိုးလာတာမျိုး မရှိဘူးလို့ သဘာဝ ပါတ်ဝန်းကျင် လေ့လာ သူများက သုံးသပ်ပြောဆို နေကြပါတယ်။