ဖားကန့်မှာ တိုက်ပွဲတွေ ပြန်ဖြစ်

  • 7 အောက်တိုဘာ 2015
phakant
Image caption ကျောက်စိမ်းတွင်းတွေ ရှိတဲ့ ဖားကန့်ဒေသ

သေနတ်သံ တိတ်နေတာ ၃ လ ကျော်ရှိပြီ ဖြစ်တဲ့ ကချင် ပြည်နယ် ဖားကန့်ဒေသမှာ ဗုဒ္ဓဟူး နေ့ မနက် ကစပြီး တိုက်ပွဲတွေ ပြန်ဖြစ် နေပါတယ်။

အိမ်ပြန်ဖို့ စောင့်နေတဲ့ စစ်ရှောင် ဒုက္ခသည် တွေလည်း အိမ်ပြန်လို့ မဖြစ်သေးသလို ဒီလို တိုက်ပွဲတွေ ကြောင့် နေရပ်ကို စွန့်ခွာ လာသူတွေ များနေ ပါတယ်။

မနက် ၇ နာရီခွဲ လောက် က ဖားကန့်နဲ့ ၁၅ မိုင် လောက် ဝေးတဲ့ အောင်လင်း နဲ့ နန်းဂျနရန် ရွာနား မှာ အစိုးရ စစ်တပ် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် စကခ ၇ လက်အောက်ခံ တပ်ရင်း တွေနဲ့ ကေအိုင်အေ တပ်ရင်း ၆ တို့ တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။

မနက်ပိုင်း မှာ ထိပ်တိုက် ပစ်ခတ်မှု ရှိသလို ညနေပိုင်း မှာတော့ လက်နက်ကြီး တွေနဲ့ ပစ်ခတ် နေတဲ့ အကြောင်း ကေအိုင်အေ တပ်ရင်း ၆ ရဲ့ တပ်ရင်းမှူး ဗိုလ်မှူး အောင်ခင် ထန်ဆန်း က ပြောပြပါတယ်။

အောက်တိုဘာ ၅ ရက် နေ့က ဖားကန့် ဒေသ နမ့်မော်အရပ် နဲ့ ၆ ရက်နေ့ ညက ဝေခါ အရပ်မှာ လက်နက်ကိုင် လူတစု က သေနတ်နဲ့ ပစ်ခတ် လို့ လူ ၂ ယောက် သေတဲ့အမှု ဖြစ်ခဲ့ ပါသေးတယ်။

ကေအိုင်အေ ကတော့ သူတို့ ပစ်ခတ်တာ မဟုတ်ဘူးလို့ အရင်ဆုံး ထုတ်ပြောခဲ့ပါတယ်။

ကချင် ပြည်နယ် တွင်း မှာ အခု လောလောဆယ် တိုက်ပွဲဖြစ်ခဲ့တဲ့ မန်စီ ဒေသ တဝိုက် မှာတော့ ၃ ရက် လောက် ပြန်ငြိမ်ပေမယ့် ရွာတွေထဲမှာ စစ်တပ်က ပေါ်တာ ဆွဲတာတွေ ကြောင့် ဒုက္ခသည်တွေ တိုးနေသလို တချို့ ရွာတွေကို ဝင်ထွက် သွားလာခွင့် ပိတ်ထားပါတယ်။

ခုရက်ပိုင်း တိုးလာတဲ့ စစ်ရှောင် ဒုက္ခသည် ဟာ မိုင်းခေါင် အရပ် မှာ ၇ဝဝ နီးပါးနဲ့ မန်စီမြို့မှာ ၂ဝဝ ကျော် တိုးတဲ့ အတွက် ဒီရက်ပိုင်းမှာ ဒုက္ခသည် တထောင် ဝန်းကျင် ထပ်တိုး လာပါတယ်။

ဒီဒုက္ခသည် တွေကို UNHCR က စောင် ၊ ခြင်ထောင်နဲ့ အမိုးအကာ ကူညီပြီး ဒေသခံ လူမှုရေးအဖွဲ့တွေက အစား အသောက် တွေ ထောက်ပံ့ နေရတယ်လို့ စစ်ရှောင် ဒုက္ခသည် တွေကို အကူအညီ ပေးနေတဲ့ ခရစ်ယာန် ဓမ္မဆရာ ဦးလာရွယ် က ပြောပါတယ်။

အဲဒီဒေသ တွေကို ကုလသမဂ စားနပ်ရိက္ခာ အစီအစဉ် WFP ကိုတော့ ဝင်ခွင့်မပေးသေး လို့ မလာနိုင် သေးဘူး လို့လည်း သိရပါတယ်။

အရင်ရက်တွေက ရှိနေတဲ့ ဒုက္ခသည်တွေရော နောက်ထပ် တိုးလာတဲ့ ဒုက္ခသည် ရော ပေါင်းရင် ဒေသခံ လူမှုရေး အဖွဲ့တွေရဲ့ ကူညီမှု ဟာ မလောက်ငနိုင် တော့ဘူးလို့ ကူညီရေး လုပ်နေသူတွေက ဆိုကြပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ