ကမ္ဘာလှည့် ပြန်ပေးမှု ရခိုင်တပ်ကို စွပ်စွဲ

 bangladesh map ဓာတ်ပုံ မူပိုင် bbc
Image caption မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ လုံခြုံရေး တိုးမြှင့်

မြန်မာ နယ်စပ် အနီး မှာ တည်ရှိတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်း တောင်တန်းနယ် ဘင်ဒရိုဘင် ခရိုင် ရုံမော် မြို့နယ် အတွင်း မှာ ဒက္ကားမြို့က လာရောက် လည်ပတ်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား နှစ်ဦး ကို မြိုလူမျိုး လမ်းပြ နှစ်ဦးနဲ့ အတူ လွန်ခဲ့တဲ့ စနေနေ့က မြန်မာ စကားပြော လက်နက်ကိုင် အဖွဲ့အစည်း တခုက ပြန်ပေးဆွဲ သွားခဲ့ တယ် လို့ ဘင်္ဂလား အာဏာပိုင် တွေက ပြောပါတယ်။

အခုတစ်ခါ ဖမ်းဆီးသွားတဲ့သူတွေဟာ ပြန်ပေးငွေ မြန်မာ ကျပ် သိန်း ၇၅ဝ နဲ့ ညီမျှတဲ့ တာကာငွေ သိန်း ၅ဝ ငွေတောင်းတယ် လို့ ဘင်္ဂလားဒေ့ရှ် က သတင်းတွေမှာ ရေးသား ဖော်ပြ ကြပါတယ်။

ဒါ့အပြင် ဒီပြန်ပေးဆွဲမှုကို ရခိုင်ပြည် လွတ်မြောက်ရေး ပါတီက လုပ်တယ် ဆိုပြီးလည်း ဘင်္ဂလားဒေ့ရှ် က သတင်းတွေမှာ စွပ်စွဲ ရေးသား ထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လွတ်မြောက်ရေး ပါတီ တွဲဘက်အတွင်းရေးမှူး ခိုင်အောင်စောသန်း ကို မေးကြည့်တော့ သူတို့တပ်တွေက ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ မရှိတော့တဲ့ အတွက် ခု သတင်းဟာ လုံးဝ မမှန်ကန်ဘူး လို့ သူက ငြင်းဆို သွားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် သတင်းစာတွေ ကတော့ ပြန်ပေးဆွဲခံရတဲ့ လမ်းပြ မြိုမိသားစု တွေကို ကိုးကားပြီး ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ပါဝင် ပတ်သက်တယ် ဆိုပြီး ရေးသား ဖော်ကြတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်အောင် ဘင်္ဂလားဒေ့ရှ် ရဲကို ဆက်သွယ်ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါ။

ဘင်္ဂလားက စစ်တကောင်း တောင်တန်းဟာ တောတောင် ထူထပ်တဲ့ အတွက် မြန်မာ နိုင်ငံဘက်က လက်နက်ကိုင် အဖွဲ့အစည်းတွေ သာမက သူ့နိုင်ငံတွင်း လက်နက်ကိုင် အင်အားစုတွေ ခိုအောင်းတဲ့ နယ်မြေ တခု ဖြစ်တယ်လို့ သိရပါတယ်။ အခုလို အခြေအနေတွေ ကြောင့် လက်ရှိ အချိန်မှာ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ဘင်္ဂလားဘက်က လုံခြုံရေး တိုးမြှင့်ထားပြီး ပိတ်ဆို့ ရှာဖွေမှုတွေ ပြုလုပ်နေသလို လုံခြုံရေးကိုလည်း အထူး တင်းကျပ် ထားတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ