ပြည်တွင်းငြိမ်းချမ်းရေးမှာ တရုတ်စွက်ဖက်မှု ရှိနေတယ်လို့ စွပ်စွဲမှုထွက်ပေါ်

  • 9 အောက်တိုဘာ 2015
mndaa_kokang ဓာတ်ပုံ မူပိုင် Reuters
Image caption တနိုင်ငံလုံး အပစ်ရပ် သဘောတူမှု စာချုပ် မှာ တိုင်းရင်းသား တပ် တွေ အစုံအလင် မပါဝင် နိုင် ဖြစ် နေရတာဟာ ကိုးကန့် စစ်ပွဲ ဖြစ်ခဲ့ တာ က အဓိက အကြောင်း အရင်း တစ်ခု ပဲ ဖြစ်တယ်။

ကိုးကန့် တပ် ဖွဲ့ မပါပဲ တနိုင်လုံး အပစ်အခတ် ရပ်စဲ ရေးမှာ ဝင်ပြီး လက်မှတ် မထိုးဖို့ ဝတပ် UWSA ကို တရုတ် နိုင်ငံ ဘက် က အရာရှိ တစ်ယောက် က လာပြီး ပြောခဲ့တယ် လို့ အစိုးရ နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေ အကြား ညှိနှိုင်းမှု တွေ ကြားဝင် ဆောင်ရွက် ပေးနေတဲ့ မြန်မာ ငြိမ်းချမ်းရေး စင်တာ MPC က ထိပ်တန်း စေ့စပ်ရေး သမား တစ်ဦး က ပြောပါတယ်။

ဒီလို တရုတ် အရာရှိ တစ်ဦး ဝတပ်ဖွဲ့ ကို လာရောက် ဆွေးနွေး ခဲ့တဲ့ အကြောင်းကို သတင်းရင်းမြစ် ၃-၄ နေရာ ကနေ ကြားသိ ခဲ့ရတာ ဖြစ်တယ် လို့ MPC က ဒေါက်တာ မင်းဇော်ဦး က ထုတ်ဖော် ပြောလာတာ ဖြစ်ပါတယ်။

အဲဒီ့ အရာရှိ ဟာ ဘေဂျင်း မြို့တော် က စေလွှတ်တဲ့ တရုတ် ဗဟို အစိုးရ ရဲ့ သဘောထား ကို သယ်ဆောင် လာသူ ဟုတ် မဟုတ် ကို အတိတကျ ကို မပြောနိုင် ပေမယ့် မြန်မာ နဲ့ နယ်စပ်ချင်း ထိ နေတဲ့ တရုတ် နိုင်ငံ ဘက်ခြမ်း က တရုတ် အရာရှိ တချို့ မှာ ကိုးကန့်တပ် အရေး အတွက် ထည့်သွင်း စဉ်းစား နေတာ တွေ ရှိ နိုင် တယ် လို့ ဒေါက်တာ မင်းဇော်ဦး က ဘီဘီစီ ကို ပြောပါတယ်။

ဒါ့အပြင် တရုတ်-မြန်မာ နယ်စပ် အခြေစိုက် လူမျိုးစု လက်နက်ကိုင် တပ် တွေ အပေါ် တရုတ်ရဲ့ ဩဇာ လွှမ်းမိုးမှု တွေ ရှိနေတယ် လို့လည်း ဒေါက်တာ မင်းဇော်ဦး က သုံးသပ် ပါတယ်။

ဒါ့အပြင် NCA လို့ ခေါ်တဲ့ တနိုင်ငံလုံး အပစ်ရပ် သဘောတူမှု စာချုပ် မှာ တိုင်းရင်းသား တပ် တွေ အစုံအလင် မပါဝင် နိုင် ဖြစ် နေရတာဟာ ကိုးကန့် စစ်ပွဲ ဖြစ်ခဲ့ တာ က အဓိက အကြောင်း အရင်း တစ်ခု ပဲ ဖြစ်တယ် လို့ လည်း ဒေါက်တာ မင်းဇော်ဦး က ဆိုပါတယ်။

မြန်မာ နိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် ထဲ မှာ ဂျပန် နဲ့ အနောက် နိုင်ငံ တွေ ရဲ့ ပါဝင် ပတ်သက် မှု ရှိလာတဲ့ အပေါ် မှာလည်း တရုတ် အနေနဲ့ မလိုလား တဲ့ အကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆို ထားတာ တွေ ရှိနှင့်ပြီး ဖြစ်တယ် လို့ လည်း ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။

ဝတပ် UWSA အဖွဲ့ ကို ဘီဘီစီ က ဆက်သွယ် မေးမြန်းတဲ့ အခါမှာတော့ တရုတ် အရာရှိ တစ်ဦး သူတို့ဆီ လာရောက် ခဲ့တယ် ဆိုတဲ့ အပေါ်မှာ ငြင်းဆို ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ