အပစ်ရပ်သက်သေအဖြစ် NLD နဲ့ SNLD လက်မှတ်မထိုး

  • 9 အောက်တိုဘာ 2015
nca_draft_agreed ဓာတ်ပုံ မူပိုင် Reuters
Image caption အပစ်ရပ်လက်မှတ်ထိုးပွဲ မှာ သက်သေမလိုက်

အောက်တိုဘာလ ၁၅ ရက် တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးပွဲ ကို သက်သေအဖြစ် တက်ရောက် လက်မှတ်ရေးထိုး ကြဖို့ အစိုးရဘက် က ဖိတ်တဲ့သူတွေထဲ မှာ ဒေါ်အောင်ဆန်း စုကြည် နဲ့ တချို့ ခေါင်းဆောင်တွေ က တက်မှာ မဟုတ်ဘူးလို့ ပြောနေ ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်းထွန်းဦး က လည်း လက်မှတ်ရေးထိုးရာ မှာ မပါဝင်ဘူး လို့ ဘီဘီစီ ကို ပြောပါတယ်။ တိုင်းရင်းသား အဖွဲ့တွေ အားလုံး လက်မှတ်ထိုးရာ မှာ မပါတဲ့ အတွက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ လို့ မယူဆကြောင်း နဲ့ သူ့ရဲ့ နိုင်ငံရေး သိက္ခာကို ထိခိုက် မှာ စိုးတဲ့ အတွက် ပါဝင် လက်မှတ် မထိုးနိုင်တာ လို့ ပြောပါတယ်။

ရခိုင်အမျိုးသား ပါတီခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ ဦးအေးသာအောင် ကိုတော့ အောက်တိုဘာ ၁၅ ရက်နေ့ နေပြည်တော် မှာ လုပ်မယ့် လက်မှတ်ရေးထိုးပွဲ တက်ဖို့ သောကြာနေ့ က MPC တာဝန်ရှိသူ က တယ်လီဖုန်း နဲ့ ဆက်သွယ် ဖိတ်တယ်လို့ ပြောပါတယ်။ ဦးအေးသာအောင် က တော့ သူ့ ကို ပါတီ ခေါင်းဆောင် တစ်ယောက် အနေ နဲ့ ဖိတ်တာလား ဘာ အနေ နဲ့ ဖိတ်တာလဲ ဆိုတာ တော့ မသိဘူးလို့ ပြောပါတယ်။

သူ့ ရဲ့ သဘောထား ရပ်တည်ချက်နဲ့ ပတ်သက်လို့ တော့ အပစ် အခတ် ရပ်စဲရေး လက်မှတ်ရေး တဲ့ အခါမှာ တိုင်းရင်းသား အားလုံး ပါဝင်ရေး ကို တောက်လျှောက် ရပ်တည်ခဲ့ ကြောင်း ပြောပါတယ်။ ဒါ့အပြင် သူ့ပါတီ က လူတွေနဲ့ ဆွေးနွေး တိုင်ပင်ပြီး အောက်တိုဘာ ၁၁ ရက်နေ့ ကျ မှ အကြောင်းပြန်မယ် လို့ MPC ကို ပြောလိုက်ကြောင်း ဘီဘီစီ ကို ပြောပါတယ်။

လာမယ့် NCA လက်မှတ်ရေးထိုးပွဲ မှာ အဓိက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ရယ်၊ တိုင်းရင်းသား ခေါင်းဆောင်တွေ က လက်ရှိ အစိုးရ နဲ့ တိုက်ခိုက်နေတဲ့ အဖွဲ့တွေ ကို ပါ ပါဝင်စေချင် ကြပါတယ်။ ဒါပေမဲ့ အစိုးရ က MNDAA ကိုးကန့် အပါအဝင် ၄ ဖွဲ့ ကို လက်မှတ်ထိုးရာ မှာ မပါဝင်စေ ဖို့ ငြင်းဆန်ခဲ့ပြီးနောက် မှာ အသိသက်သေ အဖြစ် လက်မှတ်ရေးထိုးရာ မှာ ပါဝင်မယ့် သူတွေဘက် က မပါဝင်နိုင်ဘူး ဆိုတဲ့ ပြောဆိုမှု တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။