ကော့တောင်ကျွန်း လူသတ်မှု တရားခံ ထွက်ဆိုချက် ကြားနာ

  • 10 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption ထိုင်းရဲနဲ့ စကားပြန်က ရိုက်နှက် ခြိမ်းခြောက်တဲ့ အတွက် ကနဦးမှာ ဝန်ခံ ဖြောင့်ချက် ထွက်ဆိုခဲ့ရတယ်လို့ တရားခံတွေက ပြော

ထိုင်းနိုင်ငံ ကော့တောင် ကျွန်းမှာ ဗြိတိသျှ နိုင်ငံသား နှစ်ဦးကို သတ်ဖြတ် ခဲ့သူတွေလို့ စွပ်စွဲ ခံထားရတဲ့ မြန်မာ အလုပ်သမား ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ နှစ်ဦးအနက် ဇော်လင်းရဲ့ ထွက်ဆိုချက်တွေကို ကော့စမွီး တရားရုံးမှာ ဒီကနေ့ စနေနေ့မှာ ကြားနာ စစ်ဆေးခဲ့ပါတယ်။

ပြန်လှန် မေးခွန်းထုတ်တဲ့ အစိုးရ ရှေ့နေက လူသတ်မှု ကျူးလွန်ကြောင်း ကနဦး အစောပိုင်းတုန်းက တရားခံ နှစ်ဦး ဝန်ခံ ဖြောင့်ချက်ပေးခဲ့တာ အပေါ်မှာပဲ ဖိပြီး စစ်ဆေးမေးမြန်းသွားခဲ့တယ်လို့ သူတို့ရဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ဘီဘီစီကို ပြောပြပါတယ်။

အဲဒီတုန်းက သူတို့ လူသတ်မှု ကျူးလွန်ခဲ့ကြောင်း ဝန်ခံ ဖြောင့်ချက်ပေးဖို့ ထိုင်းရဲတွေနဲ့ စကားပြန်က ရိုက်နှက် ခြိမ်းခြောက်ခဲ့ကြတယ်လို့ တရားခံဘက်က လျှောက်တင်ခဲ့ပါတယ်။

အဲဒီ ဝန်ခံ ဖြောင့်ချက် ယူခဲ့စဉ်တုန်းက ရဲစခန်းမှာ ယူခဲ့ပြီး ရှေ့နေ၊ မိသားစုဝင် မပါခဲ့တာကြောင့် ဒီဖြောင့်ချက်ဟာ တရားမဝင်တဲ့အတွက် တရားရုံးမှာ ပြန်ရုတ်သိမ်းလိုက်ပြီး ဖြစ်တယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

DNAတူတယ် ဆိုတဲ့ အချက်နဲ့ ပတ်သက်လို့လည်း ကျွမ်းကျင်သူ ပညာရှင် ဆရာဝန်တွေ ကိုယ်တိုင် သက်သေ အထောက်အထားတွေနဲ့ လာရောက် အစစ်ခံခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ဆုံးအချက် ဖြစ်တဲ့ CCTV ထဲမှာ ပြေးနေတဲ့ ပုံရိပ်ဟာ ဝင်းဇော်ထွန်း ခေါ် ဝေဖြိုးရဲ့ ပုံရိပ်လို့ တရားလိုဘက်က စွပ်စွဲထားတာနဲ့ ပတ်သက်လို့ အင်္ဂလန်နိုင်ငံမှာ ရှိတဲ့ ပညာရှင်တွေ စစ်ဆေးတဲ့အခါ သူ့ပုံရိပ် မဟုတ်ဘူးဆိုတာ အဖြေ ထွက်လာခဲ့ပြီး ဖြစ်ကြောင်း၊ ဒါ့ကြောင့် ဒီ အချက်၃ချက်ကို ဖြေရှင်းပြီး ဖြစ်တာမို့ သူတို့မှာ အပြစ်ကင်းစင်တာ ထင်ရှားနေကြောင်း ဦးအောင်မျိုးသန့်က ပြောပါတယ်။

ဥပဒေအရ ဒီအမှုဟာ သေဒဏ်ထိုက်တဲ့ အမှု ဖြစ်ပြီး မျက်မြင် သက်သေလည်းမရှိ၊ ခိုင်လုံတဲ့ သက်သေ အထောက်အထားလည်း မရှိခဲ့ရင် တရားခံကို ဘယ်လိုမှ အပြစ်ပေးလို့ မရဘူးလို့ ဆိုပါတယ်။

ဝင်းဇော်ထွန်းရဲ့ ထွက်ဆိုချက်တွေကို မနက်ဖြန် တနင်္ဂနွေနေ့မှာ ဆက်လက် ကြားနာဖို့ ရှိပြီး အဲဒီနောက်မှာတော့ တရားသူကြီးက စီရင်ချက်ချမယ်လို့ မျှော်လင့်ရပါတယ်။