အစိုးရ​ထိုး​စစ်​တွေ​ကို UNFC အပြင်း​အထန် ရှုတ်ချ

  • 10 အောက်တိုဘာ 2015
_ssa_sspp_ ဓာတ်ပုံ မူပိုင် no credits
Image caption SSPP ရဲ့ ဌာနချုပ် ဝမ်ဟိုင်း အထိ တိုက်ခိုက် မယ် လို့ အစိုးရ တပ်ဘက် က ကြွေးကြော်ထား။

ကချင် နဲ့ ရှမ်း ပြည်နယ် တွေ မှာ အစိုးရ စစ်တပ်က လူမျိုးစု လက်နက်ကိုင် တပ်တွေ အပေါ် ထိုးစစ်တွေ ပြင်းပြင်းထန်ထန် ပြုလုပ် လာနေတာဟာ အနှစ် ၇၀ နီးပါး ကျင့်သုံးပြီး မအောင်မြင် ခဲ့တဲ့ အင်အားသုံး ဖိအားပေး တဲ့ နည်းလမ်း ကို ပြန်ပြီး အသက် သွင်းလာတာ ဖြစ်တယ် လို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC က ရှုတ်ချ ပြောဆို လိုက် ပါတယ်။

အစိုးရ အနေနဲ့ တိုင်းရင်းသား နယ်မြေ အနှံ့မှာ တိုက်ပွဲတွေ ဖော်ဆောင် နေတာ ဟာ လုံခြုံရေး အကြောင်းပြချက် နဲ့ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲ ကို နောက်ဆုတ် လိုတဲ့ ရည်ရွယ်ချက် ရှိနိုင်သလို အနည်းဆုံးတော့ စစ်ဖြစ်ရာ ဒေသ တွေ မှာ ရွေးကောက်ပွဲ ကို ဖျက်သိမ်းတာ မျိုး တွေ လုပ်ဆောင် လာမှာ ကို စိုးရိမ် တယ် ဆိုပြီး UNFC ရဲ့ ဒုတိယ ဥက္ကဌ လည်း ဖြစ် မွန်ပြည်သစ် ပါတီ ရဲ့ ထိပ်တန်း ခေါင်းဆောင် တစ်ဦး လည်း ဖြစ်တဲ့ နိုင်ဟံသာ က ဘီဘီစီ ကို ပြောပါတယ်။

လက်ရှိ အခြေအနေ မှာ ရှမ်းပြည် မြောက်ပိုင်း က ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP ရဲ့ ဌာနချုပ် ဝမ်ဟိုင်း အထိ တိုက်ခိုက် မယ် လို့ အစိုးရ တပ်ဘက် က ကြွေးကြော်ပြီး တိုက်ပွဲကြီး တွေ ဆင်နွှဲ နေသလို တအာင်းပလောင်တပ် TNLA နဲ့ ကချင်တပ် KIO တပ်ဖွဲ့ တွေ အပေါ် မှာလည်း စစ်ရှိန်မြှင့် နေတယ် လို့ နိုင်ဟံသာ က ဆိုပါတယ်။

ဒီအချိန်မှာပဲ တဘက်ကလည်း တနိုင်ငံလုံး အပစ်ရပ် စာချုပ် NCA ကို အဖွဲ့ တချို့ နဲ့ သာ နေပြည်တော်မှာ လက်မှတ် ရေးထိုး ဖို့ အကြီးအကျယ် ပြင်ဆင် နေတာ ကလည်း စုစည်း နေတဲ့ တိုင်းရင်းသား အင်အားစု တွေ ကို ဖြိုခွဲပြီး ချေမှုန်းဖို့ ကြိုးစားတဲ့ လုပ်ရပ် အဖြစ် UNFC က ပြစ်တင် ပြောဆို ခဲ့ ပါတယ်။

အဲဒီ့ အောက်တိုဘာ ၁၅ ရက် NCA လက်မှတ် ရေးထိုးပွဲ မှာ သက်သေ အနေနဲ့ ပါဝင်ဖို့ ဖိတ်ကြား ခံထားရတဲ့ နိုင်ငံရေး ခေါင်းဆောင် အသီးသီး တွေ ဆီကလည်း တုန့်ပြန် မှု အမျိုးမျိုး ထွက်ပေါ် လာနေပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်း လူ့ အဖွဲ့ အစည်း က ဦး ကိုကိုကြီး နဲ့ ကိုမြအေး တို့ သက်သေ အဖြစ် ပါဝင် လက်မှတ်ရေး ထိုးမှာ ဖြစ်ပြီး ကိုမင်းကိုနိုင် ကတော့ အားလုံးစုံမှ ပါဝင်ဖို့ ဆုံးဖြတ်ထားတယ် လို့ ၈၈ မျိုးဆက် ရဲ့ တိုင်းရင်းသားရေး တာဝန်ခံ ကိုမြအေးက ဘီဘီစီ ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လည်း သက်သေ အဖြစ် မပါဝင်ဖို့ ဆုံးဖြတ်ထားတယ် လို့ NLD ပါတီ က တာဝန်ရှိသူ တစ်ဦး က ဘီဘီစီ ကို အတည်ပြု ပြောကြား ထားပေမယ့် အကြောင်း ပြချက်ကိုတော့ မသိရ ပါဘူး။

ရှမ်း တိုင်းရင်းသား ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ SNLD ပါတီရဲ့ ဥက္ကဌ ဦးခွန်ထွန်းဦး ကလည်း NCA ဆိုတာ နဲ့ အညီ အဖွဲ့ အားလုံး ပါဝင် သင့်တယ် ဆိုတဲ့ သူ့ရဲ့ သဘော ဆန္ဒကို ဘီဘီစီ ကို ပြောခဲ့ပြီး သူ့ အနေနဲ့ သက်သေ အဖြစ် ပါဝင် မှာ မဟုတ်ကြောင်း အတည်ပြု ပြောဆို ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ