ကလေးဝမှာ တောင်ကျရေကြောင့် ရေကြီးမှု ဖြစ်ပေါ်

  • 11 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် bbc
Image caption ယခင်လ ကောလင်းမြို့ ရေကြီးမှု အားတွေ့ရစဉ်

ကလေးဝမြို့နယ် ကျောင်းကြီး ကျေးရွာမှာ တောင်ကျ ချောင်းရေ ကြောင့် ရေကြီး ရေလျှံမှု တွေ ဖြစ်ပေါ်ခဲ့ပါတယ်။

တောင်ကျ ချောင်းရေ စီဆင်းမှု ပြင်းထန် တဲ့ အတွက် လူ ၁၄ ဦး မျောပါ ပျောက်ဆုံးခဲ့ပြီး အောက်တိုဘာ လ ၁၀ ရက်နေ့မှာတော့ ၆ ဦးရဲ့ အလောင်းတွေကို ပြန်လည် တွေ့ရှိတယ်လို့ ဆိုပါတယ်။

ည ၁၁ နာရီလောက်မှာ ချောင်းရေ အကြီးအကျယ် ကျ လာခဲ့ရာမှာ လယ်တော အိမ် (၅) လုံးလောက် ရေထဲ မျောပါခဲ့ပြီး လယ်တော အိမ်တွေ ထဲမှာ နေထိုင် နေတဲ့ မိသားစုတွေ ရေနဲ့ အတူ မျောပါသွားတာ ဖြစ်တယ်လို့ ဒေသခံ ဖြစ်သူ ကိုအောင်မျိုးဇော်က ပြောပါတယ်။

ပျောက်ဆုံး သူတွေ ထဲမှာ အမျိုးသမီးနဲ့ လူမမယ် အရွယ် ကလေးငယ် အချို့ ပါဝင် နေပြီး ရာသီဥတု ဆိုးရွား လွန်းတဲ့ အတွက် ရှာဖွေရေး လုပ်ငန်းတွေကို ရပ်ဆိုင်း ထားကြောင်း ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့ အတွက်ကြောင့် တောင်ကျ ချောင်းရေ တွေ ကျဆင်းမှုဟာ နှစ်ထပ်အိမ် အမြင့်လောက် လှိုင်းလုံးကြီးတွေ ဖြစ်ခဲ့တယ်လို့ မျက်မြင် တွေ့ ရှိခဲ့တဲ့ ဒေသ ခံတွေက ပြောပါတယ်။

ကလေးဝ မြို့နယ် ထဲမှာ ရှိတဲ့ မဟာမြိုင် တောဟာ အရင်တုန်းက တော အလွန် ထူထပ် ခဲ့ပေမဲ့ သစ် အများ အပြား ထုတ်လုပ်ခဲ့တာကြောင့် တောပြုန်းပြီး ရေမထိန်း နိုင်ပဲ အခုလို ရေကြီး ရေလျှံမှုတွေ ဖြစ်နေတာ လို့ ဒေသ ခံတွေက ပြောပါတယ်။