လက်နက်ကိုင် ၃ ဖွဲ့ကို မတရားသင်း အဖြစ်က ပယ်ဖျက်ပေး

  • 12 အောက်တိုဘာ 2015
SSA and KNU Peace Talks ဓာတ်ပုံ မူပိုင် mpc
Image caption အပစ်ရပ် လက်မှတ်ထိုးရေး အတွက် ဆွေးနွေးပွဲ တစ်ခု

လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့မှာ အစိုးရနဲ့ တစ်နိုင်ငလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ကြမယ့် လက်နက်ကိုင် အဖွဲ့အစည်းတွေ ဖြစ်ကြတဲ့ KNU ကရင် အမျိုးသား အစည်း အရုံး၊ ABSDF ကျောင်းသား တပ်မတော်နဲ့ RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း တို့ကို မတရားသင်းတွေ အဖြစ်ကနေ ပယ်ဖျက်လိုက်ကြောင်း ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက အောက်တိုဘာလ ၁၂ ရက် ရက်စွဲနဲ့ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက် အဖွဲ့အစည်းတွေ အဖြစ်ပါ သတ်မှတ်ခံထားရတဲ့ ကျောင်းသား တပ်မတော်နဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းတို့ကို လည်း အကြမ်းဖက် အဖွဲ့အစည်းတွေ အဖြစ်ကပါ ပယ်ဖျက် လိုက်ပါတယ်။

လာမယ့် ၁၅ ရက်နေ့မှာ အပစ်ရပ် လက်မှတ်ရေးထိုးမယ့် အဖွဲ့ ၈ ဖွဲ့ထဲက ၃ ဖွဲ့ကို တရားမဝင်အဖွဲ့အစည်း အဖြစ် ကနေပယ်ဖျက်လိုက်တာဖြစ်ပါတယ်။

လက်မှတ်ရေးထိုးကြမယ့် အဖွဲ့ ၈ ဖွဲ့ထဲမှာ အခု သုံးဖွဲ့ကပဲ မတရားသင်းတွေ အဖြစ် ကြေညာခံထားရတာ ဖြစ်ပြီး ကျန်တဲ့ ၅ ဖွဲ့ကတော့ မတရားသင်းတွေ အဖြစ် ကြေညာခံ ထားရခြင်း မရှိဘူးတဲ့ အတွက် သူတို့ကို ပယ်ဖျက်ကြောင်း ထုတ်ပြန်စရာ မလိုဘူးလို့ MPC မြန်မာ ငြိမ်းချမ်းရေး စင်တာက အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ဘီဘီစီကို ပြောပါတယ်။

အခု မတရားသင်းတွေ အဖြစ်က ပယ်ဖျက်ပေးခံလိုက်ရတဲ့ အဖွဲ့တွေ အနေနဲ့ တရားဝင် အသင်း အဖြစ် မှတ်ပုံတင်စရာ လည်း မလိုကြောင်းနဲ့ သူတို့နဲ့ ဆက်သွယ်သူတွေ အတွက်လည်း စိုးရိမ်စရာ မလိုကြောင်း ဦးလှမောင်ရွှေကပြောပါတယ်။

အပစ်အခတ်ရပ်စဲရေး စာချုပ်အရ လက်မှတ်မထိုးခင် ၃ ရက်အလိုမှာ မတရားအသင်း အဖြစ်က ပယ်ဖျက်ရမယ်လို့ သဘောတူ ထားတာဖြစ်ပါတယ်။

နေပြည်တော်မှာ ပြုလုပ်မယ့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပွဲမှာ သက်သေအဖြစ် ကုလသမဂ္ဂ၊ အီးယူ၊ ထိုင်း၊တရုပ်၊ အိန္ဒိယ၊ ဂျပန် နိုင်ငံတို့က တက်ရောက်မယ်လို့ အကြောင်းပြန်ခဲ့ပြီး ဖြစ်ပါတယ်။

ပြည်တွင်းမှာ အသိသက်သေ အဖြစ် တက်ရောက်ဖို့ ဖိတ်ထားတဲ့ ၃၀ လောက် ထဲမှာ ၂၁ ယောက်က တက်မှာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်၊ ဦးခွန်ထွန်းဦး၊ ဦးအေးသာအောင်တို့က အခု တစ်ကြိမ်မှာ မတက်ရောက်နိုင်ဘူးလို့ အကြောင်းပြန်ထားကြောင်း ဦးလှမောင်ရွှေက ပြောပါတယ်။