နိုင်ငံရေးသရော်လို့ အဖမ်းခံရသူ မချောစန္ဒီထွန်းကို ရုံးထုတ်

  • 13 အောက်တိုဘာ 2015
Chaw Sandi Tun
Image caption မချောစန္ဒီထွန်းကို မအူပင် တရားရုံးမှာ ရုံးထုတ်ပြီး ရမန်ယူ

Facebook ပေါ်မှာ နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ ပုံတွေ တင်ပြီး မှတ်ချက် ရေးခဲ့မှုနဲ့ ပတ်သက်လို့ စစ်တပ်ရဲ့ တိုင်တန်းမှုကြောင့် ဖမ်းဆီး အရေးယူခံရတဲ့ မချောစန္ဒီထွန်း ကို မအူပင်မြို့နယ်တရားရုံးမှာ အောက်တိုဘာလ ၁၃ ရက် အင်္ဂါနေ့ မနက်က ရုံးထုတ်ခဲ့ ပါတယ်။

ဒေါ်အောင်ဆန်း စုကြည် နဲ့ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ပုံတွေကို ဖေ့တ်စ်ဘွတ်ခ် မှာ သရော်ပြီး ရေးသား ဖေါ်ပြမှုကို စော်ကားတာလို့ မှတ်ယူပြီး တိုင်တန်းတာ ဖြစ်ပါတယ်။

အနောက်တောင်တိုင်း စစ်ဌာနချုပ် က ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ထင်က အီလက်ထရောနစ် ဆက်သွယ်ရေးပုဒ်မနဲ့ တရားလိုလုပ်ပြီး တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

အခု စစ်ယူနီဖောင်း အသစ်ရဲ့ အရောင်ဟာ ဒေါ်အောင်ဆန်း စုကြည်ဝတ်တဲ့ ထမီ အရောင်နဲ့ တူတယ်လို့ Facebook ပေါ်မှာ ကျယ်ကျယ် ပြန့်ပြန့် ပြောနေကြ ချိန်မှာ မချောစန္ဒီထွန်းက သူ့ Facebook မှာ မှတ်ချက် ရေးခဲ့တာ ဖြစ်ပါတယ်။

သူ့ကို ရန်ကုန် ဗဟန်းရဲစခန်းက အောက်တိုဘာလ ၁၂ ရက်နေ့က ဖမ်းဆီးခဲ့ပြီး အောက်တိုဘာ ၁၃ ရက် မနက်မှာတော့ မအူပင် မြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

တရားရုံးက ရမန် တပတ်ယူပြီး အောက်တိုဘာ၂၇ ရက်နေ့ကို နောက်ထပ် ရုံးချိန်း ပေးပြီးနောက် မအူပင် အကျဉ်းထောင်ကို ပြန်ပို့လိုက်တယ်လို့လည်း တရားရုံးကို သွားခဲ့တဲ့ သူ့သူငယ်ချင်း မမေသဇင်နှင်းက ဘီဘီစီကို ပြောပါတယ်။

မအူပင် မြို့မ ရဲစခန်းမှူး ဒုရဲမှူး သိန်းနိုင်အေးကတော့ အမှုနဲ့ ပတ်သက်လို့ ဖြေကြားနိုင်ခြင်း မရှိဘူးလို့ ပြောပါတယ်။

မချောစန္ဒီထွန်းကို တရားစွဲဖို့ ပြင်နေတဲ့ အီလက်ထရောနစ် ပုဒ်မတွေဟာ ဥပဒေကြောင်းအရ အာမခံ မပေးနိုင်တဲ့ ပုဒ်မတွေလို့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။

အသက် ၂၅ နှစ်အရွယ် မချောစန္ဒီထွန်းဟာ မအူပင်ခရိုင် ကျောင်းသားသဂ္ဂ အဖွဲ့ဝင်ဟောင်းဖြစ်ပြီး အခုတော့ မအူပင် မြို့နယ် အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် အဖြစ် သူ့ပါတီ အောင်နိုင်ရေးကို လှုပ်ရှားဆောင်ရွက်နေသူ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ