ချီဗွေမှာ NLD ကိုယ်စားလှယ်လောင်းတွေ တိုက်ခိုက်ခံရ

  • 14 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် zahkung ting ying
Image caption NLD ကိုယ်စားလှယ်လောင်းတွေကို သူ့နယ်ဘက်မှာ စည်းရုံးရေး မလုပ်ဖို့ ဦးဇခုန်တိန့်ယိန်းက တရားဝင်စာ ထုတ်ပြီး တားမြစ်ခဲ့

ကချင်ပြည်နယ် ချီဗွေမြို့နယ် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ စည်းရုံး ဟောပြောပွဲကို လက်နက်ကိုင် လူတစုက ဝင်ရောက် ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

ကချင် ပြည်သူ့စစ်တွေ ထိန်းချုပ်တဲ့ ချီဗွေမြို့နယ် ကမ်းဖတ်ရွာမှာ အောက်တိုဘာ ၁၂ ရက်နေ့က NLD ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ စည်းရုံး ဟောပြော နေတုန်း လူ ၃၀ လောက်ရှိတဲ့ လက်နက်ကိုင် လူတစု ဝင်လာပြီး ဖျက်ဆီးသွားတာပါ။

အဲဒီလူတွေဟာ ကချင်ပြည်နယ် အထူးဒေသ ၁ ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းနဲ့ သူ့ရဲ့သား မဲဆန္ဒနယ် အမှတ် ၂ကနေ ဝင်ပြိုင်မယ့် ဇခုန်ယိမ်းဆောင် တို့ရဲ့ လူတွေ ဖြစ်ကြောင်း၊ နဖူးမှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အသင်း တံဆိပ်တွေ စည်းထားကြောင်း ချီဗွေမြို့နယ် အပါအဝင် မဲဆန္ဒနယ် အမှတ် ၅ အတွက် NLD ပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နေရာက ဝင်ပြိုင်မယ့် ဦးကျော်ကျော်ဦးက ပြောပြပါတယ်။

NLD ကိုယ်စားလှယ်တွေရဲ့ စည်းရုံးရေး ပစ္စည်းတွေကိုရော၊ ဆိုင်ကယ်တွေကိုပါ ထုခွဲ ဖျက်ဆီးသွားခဲ့သလို ကိုယ်စားလှယ်လောင်းတွေကိုလည်း ထိုးနှက် ကန်ကျောက်သွားတယ်လို့ သူက ပြောပါတယ်။

ဒဏ်ရာတွေက သိပ်မကြီးကျယ်တာမို့ ဆေးရုံ ဆေးခန်း တက်ကုသ ရတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် ခုပျက်စီးသွားတဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးကတော့ သိန်း ၃၀ လောက်ရှိတယ်လို့ ဦးကျော်ကျော်ဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးဇခုန်တိန့်ယိန်းကို ဘီဘီစီက ဖုန်းနဲ့ ဆက်သွယ်ခဲ့ရာမှာ စည်းရုံးရေး ခရီးစဉ် သွားနေတယ်လို့ သူ့ကိုယ်ရေးအရာရှိက ဖြေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့က NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေ ဆော့လော်၊ ပန်ဝါ၊ အင်ဂျန်းရန်နဲ့ ချီဗွေ ဒေသတွေဘက်ကို ပထမအကြိမ် စည်းရုံးရေး သွားတုန်းကလည်း ဦးဇခုန်တိန့်ယိန်းက တရားဝင်စာ ထုတ်ပြီး NLD ပါတီဝင်တွေ သူ့နယ်ကို စည်းရုံးရေး မလုပ်ဖို့ တားမြစ်ခဲ့ပါတယ်။

ဒီလို လုပ်တာဟာ ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက် ခြိမ်းခြောက်တာ ဖြစ်တဲ့အတွက် NLD ပါတီဘက်က တရားစွဲဖို့ ပြင်ဆင်ထားပြီး ပြည်နယ် ကော်မရှင်က ကြားဝင် ညှိနှိုင်းပေးနေဆဲ အချိန်မှာပဲ အခု ဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။