လက်နက်ကိုင် အဖွဲ့ ၈ဖွဲ့ကို မတရားသင်းကနေ ပယ်ဖျက်

  • 13 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် bbc
Image caption ကျောင်းသား တပ်မတော် အပါအဝင် လက်နက်ကိုင် အဖွဲ့ ၈ဖွဲ့ကို မတရားသင်း အဖြစ်ကနေ ပယ်ဖျက်လိုက်

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မှာ လက်မှတ် ရေးထိုးမယ့် လက်နက်ကိုင် ၈ ဖွဲ့စလုံးကို မတရားအသင်း အဖြစ်ကရော အကြမ်းဖက်အဖွဲ့ အဖြစ်ပါ ပယ်ဖျက်လိုက်ပြီဖြစ်ပါတယ်။

KNU ကရင်အမျိုးသား အစည်းအရုံး၊ RCSS/SSA ရှမ်းပြည် တပ်မတော် တောင်ပိုင်းနဲ့ ABSDF ကျောင်းသား တပ်မတော် တို့ကို မတရား အသင်းအဖြစ်က ပယ်ဖျက်သလို အကြမ်းဖက်သူများ အဖြစ်ကနေလည်း ပယ်ဖျက်လိုက်ပြီ ဖြစ်တဲ့အပြင် ကျန်တဲ့ ၅ ဖွဲ့ကလည်း အဲဒီဥပဒေနဲ့ ထုတ်ပြန်ထားတာ မရှိတဲ့အတွက် အားလုံးက တရားဝင်အဖွဲ့တွေ ဖြစ်သွားပါပြီ။

ဒါကြောင့် သူတို့နဲ့ ပတ်သက်ပြီး ဖမ်းထားတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ အစိုးရ တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြပါတယ်။

ပြန်လွှတ်ပေးမယ့် သူတွေကို လက်မှတ်ရေးထိုးပွဲ အပြီးမှာ ပြန်လွှတ်ပေးမယ်လို့ အစိုးရဘက်က ပြောတဲ့အကြောင်း ရှမ်းပြည် တောင်ပိုင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလက ပြန်ပြောပြပါတယ်။

ဒါပေမယ့် တချို့ကိုတော့ ပြန်မလွှတ်ပေးနိုင်ဘူးလို့ အစိုးရဘက်က ပြောတယ်လို့ ဆိုပါတယ်။

အဲ့ဒီအထဲမှာ ထင်ရှားသူ တစ်ယောက်ကတော့ အရင် ကျောင်းသား တပ်မတော်ကနေ ရှမ်းပြည် တပ်မတော် တောင်ပိုင်း အဖွဲ့ကို ဝင်သွားပြီးနောက် အဖမ်းခံ ခဲ့ရတဲ့ ဗိုလ်မှူး စပ်ခွန်ကျော် ခေါ် သံချောင်း ဖြစ်ပါတယ်။

သူ့ကိုတော့ ပြန်လွှတ်ပေးဖို့ မဖြစ်နိုင်သေးဘူးလို့ အစိုးရဘက်က ပြောတဲ့အကြောင်း ဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။

AAPP နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း အတွင်းရေးမှူး ကိုတိတ်နိုင်ကတော့ အစိုးရအနေနဲ့ အဓိက တာဝန်ရှိတဲ့ ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်နေချိန်မှာ အောက်ခြေအဆင့်က သူတွေကို ဆက်ဖမ်းဆီး ထားတာကတော့ မဖြစ်သင့်ဘူးလို့ ထောက်ပြ ပြောဆိုလိုက်ပါတယ်။