စစ်တွေ ဒုက္ခသည် စခန်းက လူ အများစု မဲပေးခွင့် မရ

  • 14 အောက်တိုဘာ 2015
rohingya ဓာတ်ပုံ မူပိုင် AFP

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ (၈) မှာ ကျင်းပမဲ့ ရွေးကောက်ပွဲ ဟာ မြန်မာနိုင်ငံ မှာ အထူးအရေး ပါတဲ့ ရွေးကောက်ပွဲ ဖြစ်ပြီး နိုင်ငံတကာ ကလည်း စောင့်ကြည့် လေ့လာမှုတွေ ပြုလုပ် နေပါတယ်။

အခု ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံသားတွေနဲ့ အတူ ရခိုင်ပြည်နယ်က ရွှေပြောင်း ဒုက္ခသည် တွေကလည်း သူတို့အတွက် အပြောင်းအလဲ ဖြစ်လာမလား ဆိုပြီး မျှော်လင့်နေကြတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေ မြို့ အနီးက ဒုက္ခသည် စခန်း (၂၃) ခုမှာ လူပေါင်း တစ်သိန်း လေးသောင်း လောက် နေထိုင် နေကြပြီး၊ အဲဒီ အထဲကမှ မဲပေးခွင့် ရရှိသူ စာရင်းဟာ လူ(၂၀၀) ခန့်သာ ရှိတယ်လို့ ဆိုပါတယ်။

ဒုက္ခသည် စခန်းက ရိုဟင်ဂျာ တွေဟာ ဒီလို လူအများစု မဲပေးခွင့် မရရှိတဲ့ အပေါ်မှာ မမျှတဘူးလို့ ပြောကြားပါတယ်။

အုန်းတောကြီးတောင် ဒုက္ခသည်စခန်း မှာ နေထိုင်နေတဲ့ ဦးခင်မောင်ဌေးက မြို့နယ် အဖွဲ့က မဲပေးလို့ ရတယ်လို့ လာအကြောင်းကြားလို့ သိရှိရကြောင်း၊ ဒါပေမယ့် သူ့အနေနဲ့က စခန်းထဲက လူ အတော်များများ မဲပေးခွင့် မရရှိလို့ မဲပေးဖို့ စိတ်မဝင်စားဘူးလို့ ပြောပါတယ်။

သုံးခေါက်ချိုး အသိအမှတ်ပြု ကဒ် များကိုသာ ကိုင်ဆောင် ထားရတဲ့ အတွက် သူတို့တွေမှာ ဘယ်မှ သွားလာခွင့် မရရှိပဲ၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး လုပ်ကိုင်ခွင့် တွေ ဆုံးရှုံးလျှက် ရှိတယ်လို့ ဆိုပါတယ်။

အစိုးရ အသစ် တစ်ရပ် ပြောင်းလဲခဲ့ရင် သူတို့ အတွက် အခွင့်အရေးတွေ ရလာနိုင်မလား မျှော်လင့်လျှက် ရှိနေတယ်လို့ ဆိုပါတယ်။