ပြည်ပကြိုတင်မဲ အခက်အခဲမျိုးစုံတွေ့

  • 15 အောက်တိုဘာ 2015
south_korea_election_campaign_group photo ဓာတ်ပုံ မူပိုင် Skorea campaign group
Image caption ဆိုးလ်မြို့တော် မြန်မာ သံရုံးက မဲပေးမယ့်နေ့ မနက်မှ မဲစာရင်း ထုတ်ပြန်

တောင်ကိုရီးယားနဲ့ စင်ကာပူ နိုင်ငံတို့မှာ အောက်တိုဘာလ ၁၅ ရက်နေ့ကနေ စတင်ပြီး ကြိုတင်မဲတွေ ပေးနေရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ မဲပေးခဲ့ကြသူ တွေက ဘီဘီစီကို ပြောပါတယ်။

တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့တော်က မြန်မာ သံရုံးက ကြိုတင်မဲ စတင် ပေးရမယ့်နေ့မှ မဲဆန္ဒရှင် စာရင်း ထုတ်ပြန်တာကြောင့် မဲစာရင်းထဲ ပါမပါ စစ်ဆေးနိုင်ဖို့ က ပထမဆုံး အခက်အခဲ ဖြစ်တယ်လို့ မြန်မာ သံရုံးနဲ့ ပူးပေါင်းပြီး ပြည်ပရောက် မြန်မာ နိုင်ငံသားများ မဲပေးနိုင်ဖို့ လှုံ့ဆော်ရေး ကော်မတီက ကိုဝင်းလှိုင်က ပြောပါတယ်။

သံရုံးမှာကပ်ထားတဲ့ စာရင်းမှာ ကိုယ့်နာမည် ပါလေမလားလို့ လာကြည့်သူတွေထဲက တချို့က နာမည်ပါပြီး မဲဝင်ပေးနိုင်ခဲ့ပေမဲ့ တချို့ကတော့ မပေးဘဲ ပြန်သွား ကြရတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် မဲလက်မှတ်တွေမှာ တံဆိပ်တုံး ပါပေမဲ့ သက်ဆိုင်ရာ မဲရုံမှူးတွေရဲ့ လက်မှတ်တွေ ပါမလာတာတွေရှိနေပါတယ်။

အဲဒီလို အမျိုးအစားကို ပယ်မဲ အဖြစ် ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် လွှတ်တော်သုံးရပ်စလုံး အတွက်အပြည့် မဲမပေးခဲ့ကြရသူတွေလည်း ရှိတဲ့ အတွက် အဲဒီ ကိစ္စတွေကို ရွေးကောက်ပွဲ ကော်မရှင်နဲ့ ပြန်ညှိပြီး မှန်ကန်အောင် စီစဉ်ပေးဖို့ သူတို့ ကော်မတီက သံရုံးနဲ့ ဆွေးနွေးခဲ့တယ်လို့လည်း ကိုဝင်းလှိုင်က ပြောပါတယ်။

ကြိုတင်မဲပေးနိုင်မယ့် ရက်ကို ၄ ရက် သတ်မှတ်ထားပေမဲ့ တောင်ကိုရီးယားမှာ မဲပေးဖို့ လျှောက်ထားသူ ၆၃၀၀ ကျော်ထဲက မဲပေးခွင့် ရှိသူ ၃၇၈၈ ယောက်စလုံး ဒီရက်အတွင်း မဲပေးနိုင်ဖို့ကတော့ ဖြစ်နိုင်မယ် မထင်ဘူးလို့ သူကဆိုပါတယ်။

စင်ကာပူနိုင်ငံမှာ သောကြာနေ့က မဲပေးခဲ့တဲ့ မမေကျော့ရှင်းက လည်း ပထမနေ့ မနက် ၈ နာရီကနေ စတင် တန်းစီခဲ့တာ ၁၁ နာရီ ခွဲမှ မဲပေးခဲ့ရတယ်လို့ ပြောပါတယ်။ တချို့က မနက် ၆ နာရီ ကတည်းက မဲပေးဖို့ တန်းစီနေခဲ့တာလို့လည်း သူက ပြောပါတယ်။

မဲပေးမယ့်သူတွေ အဖို့ သူတို့ မဲပေးရမယ့် ဆန္ဒနယ်အားလုံး အတွက် စာရင်းတွေ အပြည့်အစုံ ပါမလာတာတွေ ရှိနေတဲ့ အတွက် သတ်မှတ်ရက် အတွင်း ပြီးအောင် မဲပေးနိုင်မယ် မထင်ဘူးလို့ လည်း သူက ပြောပါတယ်။

သက်ဆိုင်ရာ သံရုံးတွေမှာ မဲပေးခွင့်ရဖို့ လျှောက်ထား ကြသူ မြန်မာ နိုင်ငံသားတွေ အောက်တိုဘာ ၁၈ ရက်နေ့ အထိ ၄ ရက်ကြာ ကြိုတင်မဲတွေ ပေးနိုင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ