ဖေ့စ်ဘွတ်ပေါ် ပုံတင်လို့ ဖမ်းခံရသူတွေကို ချက်ခြင်းလွှတ်ဖို့ AI တောင်းဆို

  • 15 အောက်တိုဘာ 2015
_facebook_articles_ ဓာတ်ပုံ မူပိုင် FACEBOOK
Image caption အီလက်ထရောနစ် ဥပဒေ နဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မတွေ အသီးသီး နဲ့ အမှုဖွင့် စွပ်စွဲ ခံနေရ။

Facebook လူမှု ကွန်ရက် စာမျက်နှာ ပေါ်မှာ မြန်မာ စစ်တပ်ကို သရော်တဲ့ ဓာတ်ပုံနဲ့ စာသားတွေ တင်ခဲ့လို့ ဖမ်းဆီးခံ ထားရသူ ၂ ဦး ကို ခြွင်းချက် မရှိ ချက်ခြင်း လွှတ်ပေးဖို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ Amnesty International က တောင်းဆို လိုက် ပါတယ်။

အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကို ထောက်ခံ အားပေးသူ မချောစန္ဒီထွန်း ဆိုတဲ့ အမျိုးသမီးငယ် တစ်ဦး နဲ့ ကချင်ပြည်နယ် ငြိမ်းချမ်းရေး အတွက် တက်ကြွ လှုပ်ရှားသူ ဖြစ်တဲ့ ပက်ထရစ် ကွမ်ဂျာလီ တို့ဟာ အခု သီတင်းပတ် ထဲမှာ ပဲ အဖမ်း ခံခဲ့ရတာ ဖြစ်ပါတယ်။

သူတို့ ၂ ယောက်ကို အီလက်ထရောနစ် ဥပဒေ နဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မတွေ အသီးသီး နဲ့ အမှုဖွင့် စွပ်စွဲ ခံနေရပါတယ်။

အင်တာနက် အွန်လိုင်း ကနေ တဆင့် ကိုယ်ရဲ့ သဘောဆန္ဒ တွေကို လွတ်လပ် စွာ ထုတ်ဖော် ကြသူတွေ ကို နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ နီးကပ် လာ ချိန်မှာ မြန်မာ အာဏာပိုင်တွေက ကျယ်ကျယ်ပြန့်ပြန့် ဖြိုခွဲ လာမှာကို အထူး စိုးရိမ်တယ် ဆိုပြီး AI အဖွဲ့က ပြောပါတယ်။

မြန်မာ နိုင်ငံ ရဲ့ အင်တာနက် အသုံးပြု နိုင်မှု နည်းပါး နေရဆဲ အခြေအနေ မှာ လူ့ အခွင့်အရေး သမားတွေ၊ သတင်း ဌာန တွေ နဲ့ အစိုးရ အရာရှိ တွေ လို အင်တာနက် အသုံးပြု သူ အများစု ဟာ Facebook လူမှု ကွန်ရက် စာမျက်နှာ ကို အဓိကထား သုံး နေကြရတာ ဖြစ်တယ် လို့ လည်း AI အဖွဲ့ က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ