စာရင်းပါသူတွေ မဲပေးနိုင်ဖို့ သံရုံးတွေ စီစဉ်

  • 16 အောက်တိုဘာ 2015
election myanmar ဓာတ်ပုံ မူပိုင် AFP
Image caption စင်္ကာပူ သံရုံးမှာ တန်းစီ စောင့်နေတဲ့ ဆန္ဒရှင်တွေ

ပြည်ပရောက် မြန်မာနိုင်ငံ သား တွေဟာ သက်ဆိုင်ရာ သံရုံးတွေမှာ ရွေးကောက်ပွဲ အတွက် ကြိုတင်မဲတွေ သွားရောက် ပေးနေကြပါပြီ။

ဒီလို ပေးရာမှာ ရှိခဲ့တဲ့ အချက် အလက် အမှားအယွင်းတွေ အခက်ခဲတွေ နဲ့ မပြည့်စုံ တာတွေ ရှိတယ်ဆိုပြီး လူမှု ကွန်ရက် တွေနဲ့ သတင်းတွေ မှာ ကျယ်ကျယ်ပြန့်ပြန့် ပြောဆို နေပါတယ်။

ကြာသပတေး နေ့က စပြီး စင်္ကာပူနဲ့ တောင်ကိုရီးယား နိုင်ငံတွေက သံရုံးတွေ ရှေ့မှာ တန်းစီ စောင့်ဆိုင်းပြီး ကြိုတင်မဲ သွားထည့် ကြတာပါ။

ဒီလို မဲထည့်ရမှာ သူတို့တွေရဲ့ မဲလက်မှတ် တွေမှာ ကော်မရှင် တံဆိပ်တုံး ပါပေမယ့် သက်ဆိုင်ရာ မဲရုံမှူး လက်မှတ် ပါမလာတာ မျိုး အပါအဝင် မဲပေးသူတွေ အခက်အခဲ တွေ့ရ ပါတယ်။

ကြိုတင်မဲမှာ မဲရုံမှူး လက်မှတ် ပါစရာမလိုကြောင်း ရွေးကောက်ပွဲ ကော်မရှင် က ပြောပါတယ်။

လိပ်စာ ပြည့်စုံမှု မရှိလို့ မဲစာရင်းမှာ ထည့်သွင်း မခံရတာတွေ ရှိတယ် လို့လည်း သိရပါတယ်။

မဲပေးခွင့်ရဖို့ လျှောက်ထား ကြတဲ့ ပြည်ပရောက် မြန်မာ နိုင်ငံသားတွေ ဟာ အောက်တိုဘာလ (၁၅)ရက် ကစပြီး (၁၈) ရက်နေ့ အထိ (၄)ရက်ကြာ ကြိုတင်မဲတွေ ပေးနေ ပါတယ်။

စင်္ကာပူ မှာတော့ ကြိုတင်မဲပေးခွင့်ရဖို့ လျှောက်ထားသူ (၂)သောင်း ကျော် ရှိပါတယ်။

သတ်မှတ် ထားတဲ့ (၄)ရက်တာ ကာလ အတွင်း လျှောက်ထား သူ အားလုံး မဲမထည့်နိုင် ရင် စာရင်းထဲ ပါသူတွေ မဲထည့်ခွင့် ရဖို့ ဆိုင်ရာ သံရုံး တွေ က ဆောင်ရွက်မယ် လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ဝင် ဒေါက်တာ ဒေါ်မြင့်ကြည် က ပြော ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ