ကို​ကိုး​ကျွန်း​ကို မဲ​ဆွယ်​ခရီး ထွက်​ခွင့် NLD ရ​ပြီ

  • 16 အောက်တိုဘာ 2015
_nld_coco_islands_campaign
Image caption NLD ပါတီ အနေနဲ့ ကိုကိုးကျွန်း မှာ မဲဆွယ်ခွင့် ၁၅ ရက် လောက် ပဲ အချိန် ရတော့မယ်။

ရေတပ် အခြေစိုက် စခန်းမြို့ ဖြစ်တဲ့ ကိုကိုးကျွန်း ရှိရာဆီ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အနေနဲ့ လာမယ့် အောက်တိုဘာ ၂၀ရက် နေ့ကျရင် မဲဆွယ် ခရီး ထွက်ခွင့် ကို သက်ဆိုင်ရာ အာဏာပိုင် တွေ က ခွင့်ပြု ပေးလာ ပါတယ်။

ဘင်္ဂလား ပင်လယ်အော် နဲ့ မုတ္တမ ပင်လယ်ပြင် အကြား က ကိုကိုးကျွန်း ဆီကို သွားလို သူတိုင်း ဟာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရဲ့ ခွင့်ပြုချက် ရမှသာ သွား လာနိုင်တာ ဖြစ်တဲ့ အတွက် NLD အနေနဲ့ အကြိမ်ကြိမ် စာတင် လျှောက်ထားခဲ့ ရပြီး အကြိမ်ကြိမ်ပဲ အကြောင်း အမျိုးမျိုး နဲ့ ပျက်ပြယ် ခဲ့ရတယ် လို့ NLD ပါတီ က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ လလယ် တုန်း ကလည်း အစိုးရ အဖွဲ့ က ခွင့်ပြုခဲ့ ပေမယ့် သတ်မှတ် ထားတဲ့ ရက်ကျမှ သင်္ဘော ခရီးစဉ် ဖျက်သိမ်းတာ ခံခဲ့ရတယ် လို့ ကိုကိုးကျွန်း မဲဆန္ဒနယ် ကနေ ပြည်သူ့ လွှတ်တော် နေရာ အတွက် ဝင်ရောက် ယှဉ်ပြိုင်မယ့် NLD ပါတီရဲ့ ကိုယ်စား လှယ်လောင်း ဦးဝင်းမင်း က ပြောပါတယ်။

ဒါ့အပြင် NLD ပါတီ က စက်တင်ဘာ လထဲမှာပဲ ကိုကိုးကျွန်းကို လေကြောင်း ခရီး နဲ့ သွားဖို့ ကြိုးစား ခဲ့တာ မှာလည်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဌာန ရဲ့ တားမြစ်တာ ခံခဲ့ရပါတယ်။

ဒါ့ကြောင့် အဲဒီ့ လေယာဉ် ခရီးမှာ NLD ပါတီက သူတွေ ကျန်ခဲ့ပြီး အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ ရဲ့ ကိုကိုးကျွန်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် လောင်း ရေတပ် ကာကွယ်ရေး ဦးစီးချုပ် ဟောင်း သူရဦးသက်ဆွေ နဲ့ အဖွဲ့ က တော့ လိုက် ပါသွား ခဲ့ ပါတယ်။

အခု အောက်တိုဘာ လဆန်း ပထမ ပတ်ထဲ မှာလည်း NLD ကိုယ်စားလှယ် လောင်း အဖွဲ့ ကိုကိုး ကျွန်း ကို သွားဖို့ ထပ်မံ ကြိုးစား ခဲ့တာ မှာ ကက(ကြည်း) လို့ခေါ်တဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံး ကြည်းတပ် ကနေ တားမြစ်တာ ခံခဲ့ ရတယ် လို့ ဦးဝင်းမင်း က ဆိုပါတယ်။

အခုလို အောက်တိုဘာ ၂၀ ရက်နေ့ ကျမှ သွားခွင့် ရလာတဲ့ အတွက် NLD ပါတီ အနေနဲ့ ကိုကိုးကျွန်း မှာ မဲဆွယ်ခွင့် ပြုတဲ့ ကာလ ရက် ပေါင်း ၆၀ ထဲက ၁၅ ရက် လောက် ပဲ အချိန် ရတော့မှာ ဖြစ်ပေမယ့် NLD ပါတီ အနေနဲ့ ရွေးကောက်ပွဲ မှာ အောင်ပွဲ ခံနိုင်မယ်လို့ ယုံကြည် တယ် ဆိုပြီး ဦးဝင်းမင်း က ပြောပါတယ်။

၁၉၉၀ ရွေးကောက်ပွဲ တုန်းကလည်း ကိုကိုးကျွန်း မဲဆန္ဒ နယ်မြေ မှာ NLD ပါတီ အနိုင် ရခဲ့ ပါတယ်။ ဒါပေမယ့် အဲဒီ့တုန်းက ကိုကိုးကျွန်း NLD အမတ် ဦးလှသန်း ဟာ စစ်အစိုးရ လက်ထက် ဖမ်းဆီး ထိန်းသိမ်း ခံထားရတုန်း အကျဉ်း ထောင်ထဲ မှာ ကူးစက် ခံခဲ့ရတဲ့ ရောဂါ တွေ နဲ့ ထောင် သက်တမ်း ၆ နှစ် အကြာမှာ သေဆုံးခဲ့ရတယ် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် က ဗမာပြည်က ပေးစာများ စာအုပ်ထဲမှာ ရေးသား ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ