ဒေါ်အောင်ဆန်းစုကြည် ရခိုင်ကို မဲဆွယ် စည်းရုံးရေး သွားရောက်

  • 16 အောက်တိုဘာ 2015
Image caption ဒေါ်အောင်ဆန်းစုကြည် ကိုင်းရှည် ကျေးရွာမှာ ဟောပြောစဉ်

အောက်တိုဘာလ ၁၆ ရက်နေ့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ် ကို မဲဆွယ် စည်းရုံးရေး ခရီး သွားရောက် ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရခိုင်ပြည်နယ် မဲဆွယ် စည်းရုံးရေး ခရီးစဉ် အတွင်း တောင်ကုတ် မြို့မှာ ဆန္ဒပြ မယ်ဆိုတဲ့ သတင်းတွေ ကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကို ထောက်ခံ အားပေးသူများက စိုးရိမ်ပူပန်မှုတွေ ရှိနေခဲ့ကြတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၆ ရက်၊ နေ့လည် ၁၂ နာရီ ၁၅ မိနစ် အချိန်မှာ သံတွဲ လေဆိပ်ကို ရောက်ရှိလာခဲ့ပြီး သံတွဲ ကနေ ၄၄ မိုင် ဝေးတဲ့ တောင်ကုတ် မြို့ကို ဆက်လက် ထွက်ခွာ သွားပြီး ကိုင်းရှည် ကျေးရွာ အားကစားကွင်း မှာ မဲဆွယ် စည်းရုံး ဟောပြော မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မဲဆွယ် စည်းရုံး ဟောပြောမှုတွေမှာ အဓိက အားဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးပမ်း ပေးမဲ့ အကြောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ အနေနဲ့ အစိုးရ ဖွဲ့နိုင်အောင် မဲပေးကြဖို့၊ အစိုးရဖွဲ့ နိုင်ခဲ့ရင် ဘယ်သူမှ ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူးလို့ စည်းရုံး ဟောပြောမှု ပြုလုပ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်တွေ အတွင်း ရခိုင်ပြည်နယ် မှာ ဗုဒ္ဓဘာသာ ဝင် တွေနဲ့ မွတ်စလင် တို့အကြား လူမျိုးရေး အရ မုန်းတီး တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံတကာ က ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရွေးကောက်ပွဲမှာ မဲပေးခွင့် မရတဲ့ ရိုဟင်ဂျာ လူမျိုးတွေ အတွက် ထိထိရောက်ရောက် ဆောင်ရွက် ပေးတာ ၊ ပြောကြား ပေးတာတွေ မရှိဘူးလို့ ဝေဖန်နေကြပါတယ်။

ရခိုင်ပြည်နယ်က ဗုဒ္ဓဘာသာဝင် တွေ အကြားမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မွတ်စလင် လူနည်းစု အပေါ် စာနာတဲ့ သဘောထား ရှိတယ်လို့ ယူဆပြီး ဝေဖန်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။