SSPP ဌာနချုပ်အထိ အစိုးရတပ် ခြိမ်းခြောက်လာ

_ssa_sspp_soldiers_ ဓာတ်ပုံ မူပိုင် no credits
Image caption တာဆန်ဘူး ကို အစိုးရတပ် က တောင်းဆို ထားတဲ့ အတိုင်းSSPP က လက်လွှတ် ပေးခဲ့။

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း SSPP/SSAA ရဲ့ ဝမ်ဟိုင်း ဌာနချုပ် ရှိရာကို အစိုးရ စစ်တပ် က ထိုးဖောက် ဖို့ ကြိုးစားနေပြီး စနေနေ့ အောက်တိုဘာ ၁၇ နေ့ရက်က အထိ တိုက်ပွဲ တွေ အပြင်း အထန် ဖြစ် နေပါတယ်။

မိုင်းနောင် မြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် စကခ ၂ လက်အောက်ခံ အစိုးရ စစ်ကြောင်း အင်အား ၂၀၀ ဝန်းကျင်ဟာ ဝမ်ဟိုင်းရဲ့ တောင်ဘက် ၅ မိုင် အကွာ ဝါလွယ်လီ ရွာ အထိ ရောက် နေတယ် လို့ SSPP ဘက် က ပြောပါတယ်။

ပြီးခဲ့တဲ့ ကြာသာပတေး ၁၅ ရက်နေ့ မှာတော့ ဝမ်ဟိုင်း ဌာနချုပ် ရဲ့ လုံခြုံရေး ရှေ့တန်း စခန်း တစ်ခု ဖြစ်တဲ့ တာဆန်ဘူး ကို အစိုးရတပ် က တောင်းဆို ထားတဲ့ အတိုင်းSSPP က လက်လွှတ် ပေးခဲ့ တယ် လို့ SSPP ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလ က ဘီဘီစီ ကို ပြောပါတယ်။

အောက်တိုဘာ ပထမ သီတင်းပတ် ထဲက က စပြီး SSPP ရဲ့ နယ်မြေ ထဲမှာ အစိုးရ တပ်က တိုက်ပွဲတွေ ဖော်ဆောင် လာနေတာ ဖြစ်ပြီး ထိခိုက် ဒဏ်ရာရတဲ့ စာရင်းကို တော့ ၂ ဘက် စလုံးက မထုတ်ပြန် ပေးပါဘူး။

NCA လို့ ခေါ်တဲ့ တနိုင်ငံလုံး အပစ်ရပ် သဘောတူမှု စာချုပ် မှာ လူမျိုးစု လက်နက်ကိုင် တပ် အားလုံး ပါဝင်ရေး မူ အရ SSPP က ဝင်ရောက် လက်မှတ် မထိုးတဲ့ အတွက် အစိုးရ ဘက်က နေ အခုလို စစ်ရေး အရ ဖိအား ပေးနေတာ ဖြစ်တယ် လို့ ဗိုလ်မှူးကြီး စိုင်းလ က ဆိုပါတယ်။

အဲဒီလို ပါဝင် လက်မှတ် မရေးထိုး ခဲ့တဲ့ အဖွဲ့တွေ အနေနဲ့ ထိုင်း နိုင်ငံ ချင်းမိုင် မြို့မှာ တွေ့ဆုံ ဆွေးနွေးဖို့ ရှိတယ် လို့ ဗိုလ်မှူးကြီး စိုင်းလ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ