ဒေါ်အောင်ဆန်းစုကြည် ရခိုင်မှာ ဒုတိယမြောက်နေ့ ဆက်လက် စည်းရုံး

  • 17 အောက်တိုဘာ 2015
Image caption ဒေါ်အောင်ဆန်းစုကြည် သံတွဲမြို့မှာ ဟောပြောစဉ်

ရခိုင်ပြည်နယ်ကို ရွေးကောက်ပွဲ မဲဆွယ်ဖို့ ရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရဲ့ ဥက္ကဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ဟာ အောက်တိုဘာလ (၁၇) ရက်နေ့မှာတော့ သံတွဲမြို့မှာ မဲဆွယ် စည်းရုံး ဟောပြောခဲ့ပါတယ်။

ရခိုင် ပြည်နယ်က NLD ထောက်ခံသူများကလည်း အရင် ၃ နှစ်ကျော် က ရခိုင်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခ တွေနဲ့ ဆက်စပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အဓိက မေးမြန်း ခဲ့ကြတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်က လူတွေရဲ့ ခံစားချက် ရှိနေကြောင်း နဲ့ လူမှုကွန်ရက် တွေမှာ ဖြန့်ဝေ ပြောကြား နေသလို ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရင် တိုင်းတပါးသားတွေ ဝင်ရောက်လာမယ်၊ RSO အဖွဲ့အစည်းတွေဆီ စာရေး ဆက်သွယ်ခဲ့တယ် ဆိုတာ အမှန်ပဲလား လို့ ဒေသခံတွေက မေးမြန်းကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က ဘာသာရေး၊ လူမျိုးရေး အသုံးချ ပြီး စွပ်စွဲ ပြောဆိုမှုတွေကို တုံ့ပြန်ရာမှာ NLD ကို အထင်အမြင်လွဲအောင် ပြောတဲ့ သူတွေ အနေနဲ့ သတ္တိရှိရင် NLD ကို တရားဝင် စာရေးပြီး စွပ်စွဲ နိုင်ကြောင်း၊ အဲဒီ အခါ ဥပဒေနဲ့ အညီ ရင်ဆိုင် ရှင်းလင်း မယ်လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ မနက်ဖန်မှာလည်း ဂွမြို့နယ်ကို သွားရောက်ပြီး မဲဆွယ် စည်းရုံး ဟောပြောမယ်လို့ သိရပါတယ်။