သမ္မတလောင်းကို တစ်ဦးတည်း သဘောနဲ့မရွေးချယ်ဖို့ ဦးရွှေမန်းပြော

  • 18 အောက်တိုဘာ 2015
Image caption သူရ ဦးရွှေမန်း

သမ္မတလောင်း ရွေးချယ်မှုကို တစ်ဦး တစ်ယောက်တည်း သဘောဖြင့် ဆုံးဖြတ် လို့ မရပဲ ဒီမိုကရေစီ နည်းလမ်းဖြင့်သာ ရွေးချယ်ရမယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ရဲ့ အရင် ပူးတွဲ ဥက္ကဋ္ဌ ဟောင်း ဖြစ်သူ သူရ ဦးရွှေမန်းက ပြောကြောင်း ဦးရွှေမန်းရုံးခန်းရဲ့ အကြီးတန်း အရာရှိ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ သတင်းပါတ်တွေ အတွင်း ဘီဘီစီ သတင်းဌာန နဲ့ပြည်ခိုင်ဖြိုးပါတီ အထွေထွေ အတွင်းရေးမှူး ဦးတင်နိုင်သိန်းတို့ရဲ့ တွေ့ဆုံ မေးမြန်းခန်း တစ်ခုမှာ လာမဲ့ ရွေးကောက်ပွဲ အနိုင်ရခဲ့ပါက လက်ရှိ သမ္မတ ဦးသိန်းစိန်ကို သမ္မတလောင်း အဖြစ် ရွေးချယ်ထားကြောင်း ပြောကြား ပြီးနောက်ပိုင်း အခု သတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုး ပါတီ ဗဟို ကော်မတီဝင် တစ်ဦး ဖြစ်သူ ဦးဝင်းဦးကို ဘီဘီစီ က သမ္မတလောင်း ရွေးချယ်မှုနဲ့ ပါတ်သက်လို့ ဆက်သွယ် မေးမြန်းရာမှာ ဦးဝင်းဦးက ပြည်ခိုင်ဖြိုး ပါတီ အနေနဲ့ သမ္မတလောင်း ရွေးချယ်ဖို့ အတွက် စနစ်တကျ စည်းမျဉ်း စည်းကမ်း တွေ မရှိသေးကြောင်း၊ တကယ် ရွေးချယ်မယ် ဆိုရင် ဒီမိုကရေစီ နည်းလမ်းအရ အများ သဘောတူ ရွေးချယ်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။

ပူးတွဲ ဥက္ကဋ္ဌ အဖြစ်တာဝန် ယူထားတဲ့ ဦးဌေးဦးကလည်း ပြည်ခိုင်ဖြိုး ပါတီရဲ့ သမ္မတလောင်းကို ရွေးကောက်ပွဲ ပြီးမှသာ ရွေးချယ်မဲ့ အကြောင်း ကြေညာထားတယ်လို့ ဆိုပါတယ်။

ပြည်ခိုင်ဖြိုး ပါတီ အတွင်းမှာပဲ သမ္မတလောင်း ရွေးချယ်မှုနဲ့ ပါတ်သက်လို့ အမျိုးမျိုး ကွဲလွဲနေကြကြောင်း သုံးသပ်မှုတွေ ရှိနေတယ်လို့ ရန်ကုန်မြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ