ဖြူးအမတ်လောင်း ဒေါက်တာ မြတ်နုခိုင် အဖမ်းခံရ

  • 19 အောက်တိုဘာ 2015
Letpadaung Daw Khin Win ဓာတ်ပုံ မူပိုင် han win aung
Image caption ကြေးနီစီမံကိန်း ကန့်ကွက် ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ပဋိပက္ခမှာ ရဲရဲ့ ပစ်ခတ်မှုကြောင့် တောင်သူ ဒေါ်ခင်ဝင်း သေဆုံး

မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာလ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဖြူးမြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် တသီးပုဂ္ဂလ ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဒေါက်တာ မြတ်နုခိုင်ကို အောက်တိုဘာလ ၁၆ ရက်နေ့က သူမဲဆွယ် နေတုန်းမှာပဲ ဒဂုံ ရဲစခန်းက ဖြူးမြို့မှာ လာရောက် ဖမ်းဆီး သွားခဲ့ပါတယ်။

ဒေါက်တာ မြတ်နုခိုင်ကို ဒဂုံမြို့နယ် တရားရုံးမှာ အောက်တိုဘာလ ၁၉ ၇က်နေ့က ရုံးထုတ်ပြီး အာမခံမပေးဘဲ ရမန်ယူပြီးတဲ့နောက် အင်းစိန်ထောင်ကို ပို့လိုက်တယ်လို့ သူ့အမှုကို လိုက်ပါ ဆောင်ရွက်ပေးမယ့် ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က လက်ပံတောင်းမှာ ဆန္ဒပြမှုအတွင်း ရဲရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ တောင်သူ ဒေါ်ခင်ဝင်း ကိစ္စနဲ့ ပတ်သက်လို့ တရုတ်သံရုံး ရှေ့မှာ ဆန္ဒပြခဲ့တဲ့ အတွက် ပုဒ်မ ၇ ခုတပ်ပြီး တရားစွဲထားတယ် လို့လည်း ဦးသန်းဇော်အောင်က ပြောပါတယ်။

ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း တစ်ယောက်ဟာ ကိုယ်စားလှယ်အဖြစ် အသိမှတ်မပြုခင် ကတည်းက ပြစ်မှုကင်းရှင်းကြောင်း အဆင့်ဆင့် စစ်ဆေး ခံရပြီး ကင်းရှင်းတယ်လို့ အသိ အမှတ်ပြု ခံရပြီးကာမှာ အခုလို ဖမ်းဆီး တရားစွဲတဲ့ အပေါ် နားမလည်ဘူးလို့ သူက ဆိုပါတယ်။

စွဲဆိုထားတဲ့ အမှုတွေက ခွင့်ပြုချက် မပါဘဲ စီတန်းလှည့်လည်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ တာဝန်ကျ ပြည်သူ့ဝန်ထမ်းကို ဝတ္တရား နှောင့်ယှက်မှု၊ ဆဲဆိုမှု၊ ရုန်းရင်းဆန်ခတ်မှု စတဲ့ ပုဒ်မတွေဖြစ်ပါတယ်။

ဒေါက်တာ မြတ်နုခိုင်ရဲ့ ရွေးကောက်ပွဲ ဆိုင်ရာ ကိုယ်စားလှယ် ဦးတင်အေးကတော့ သူ့အနေနဲ့ စည်းရုံးမဲဆွယ်မှုတွေ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

ဒေါက်တာ မြတ်နုခိုင်ဟာ မရမ်းကုန် မုဒိတာ အိမ်ရာမှာ နေသူဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ဒေါ်နော်အုံးလှတို့နဲ့ အတူ တရုတ် သံရုံးရှေ့မှာ ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

သူနဲ့ အမှုတွဲတူတဲ့ ဒေါ်နော်အုံးလှနဲ့ ကိုနေမျိုးဇင်တို့ကတော့ ထောင်ဒဏ် ၄နှစ်နဲ့ ၄လ ကျခံနေရ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ