NCA အလွန် ပူးတွဲ ကော်မတီ​ဖွဲ့​ရေး​တွေ မ​ပြီးပြတ်​နိုင်

  • 19 အောက်တိုဘာ 2015
_nca_signing_ ဓာတ်ပုံ မူပိုင် epa
Image caption စာချုပ်ပါ အချက်အလက် တွေကို အကောင် အထည် ဖော်တဲ့ အခါ အခက်အခဲ တွေ တွေ့ကြုံ။

မြန်မာ အစိုးရနဲ့ လက်နက်ကိုင် အဖွဲ့ တချို့ အကြား NCA လို့ ခေါ်တဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်ရေး စာချုပ် ကို လက်မှတ် ရေးထိုး ခဲ့ပေမယ့် စာချုပ်ပါ အချက်အလက် တွေကို အကောင် အထည် ဖော်တဲ့ အခါ အခက်အခဲ တွေ တွေ့ကြုံ နေပါတယ်။

NCA လက်မှတ် ရေးထိုး ပြီးတဲ့ အခါ နှစ်ဘက်တပ် တွေ အကြား တိုက်ပွဲ မဖြစ်ပွားအောင် စောင့်ကြည့် ဖို့ ရာ ထားရှိ ရမယ့် MJC ပူးတွဲ ကော်မတီ ကို ဖွဲ့စည်း ရေးကို ဆွေးနွေး ခဲ့ကြပေမယ့် မအောင်မြင် ခဲ့ ပါဘူး။

MJC ရဲ့ လုပ်ပိုင်ခွင့် အာဏာ အပါအဝင် ဖွဲ့စည်း မှု တွေ ဟာ အသေးစိတ် ကျလွန်း တဲ့ အတွက် အစိုးရ ကိုယ်စားလှယ် တွေ နဲ့ အကြား ပြီးပြတ် အောင် မဆွေး နိုင်ခဲ့ ဘူးလို့ ချင်း အမျိုးသား တပ်ဦးရဲ့ အဓိပတိ ကောင်စီဝင် ဒေါက်တာ လျန်မှုန်းဆာခေါင်း က ဘီဘီစီ ကို ပြောပါတယ်။

NCA ပါ အချက် အရ ဆိုရင် MJC ပူးတွဲ ကော်မတီ ကို အောက်ခြေ၊ ပြည်နယ် နဲ့ ပြည်ထောင်စု ဆိုပြီး အဆင့် ၃ ဆင့် ဖွဲ့စည်းရ မှာ ဖြစ်ပါတယ်။

လာမယ့် အောက်တိုဘာ ၂၀-၂၁ ရက် နေ့ တွေမှာ လက်နက်ကိုင် အဖွဲ့ တွေ သီးသန့် တွေ့ဆုံ ဆွေးနွေး ပြီး အစိုးရ ကိုယ်စားလှယ် တွေ နဲ့ တော့ အောက်တိုဘာ လ မကုန်ခင် ပြန် ညှိနှိုင်း ဖို့ ရှိတယ် လို့လည်း ဒေါက်တာ လျန်မှုန်း က ဆိုပါတယ်။

တခါ၊ တစ်ဘက် ကို ၁၆ ယောက်စီ ပါဝင်မယ့် UPDJC လို့ ခေါ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ ကို ဖွဲ့စည်း တဲ့ အခါ မှာလည်း လွှတ်တော် နဲ့ စစ်တပ် ဘက်က ကိုယ်စားလှယ် ၂ ဦးစီ ပါမလာ နိုင်သေးပဲ ဖြစ်နေ ပါတယ်။

ဒါ့အပြင် UPDJC ရဲ့ ပူးတွဲ ဒုဥက္ကဌ သုံး နေရာ ထဲက တစ်နေရာ ကို နိုင်ငံရေး ပါတီ တွေ ကို ကိုယ်စားပြု တဲ့ သူကို ပေးရမယ် လို့ သတ်မှတ် ထားပေမယ့် ဘယ်သူ့ ကို ရွေးချယ် ရမယ် ဆိုတာ မပြီး ပြတ် နိုင် ဖြစ်နေ ပါတယ်။

လက်ရှိ မှာတော့ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဥက္ကဌ အဖြစ် ဦးဆောင်တဲ့ UPDJC မှာ ပူးတွဲ ဥက္ကဌ တွေ အနေနဲ့ ကရင် တပ် KNU က ဖဒိုကွယ်ထူးဝင်း နဲ့ ဝန်ကြီး ဦးအောင်မင်း တို့ကို ရွေးချယ် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ