ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်တွေ နေရပ်ပြန်ရေး ဆွေးနွေး

  • 20 အောက်တိုဘာ 2015
Image caption မြန်မာနိုင်ငံဘက်မှာ အခြေအနေ တိုးတက် လာတာကြောင့်ဒုက္ခသည်တွေ နေရပ်ပြန်ရေး ဦးစားပေး ဆောင်ရွက် သင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ပြော

မြန်မာနိုင်ငံမှာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီးတဲ့နောက် ကရင် ပြည်နယ်နဲ့ ထိစပ်နေတဲ့ ထိုင်းမြန်မာ နယ်စပ် မြန်မာဖက်ဘက်ခြမ်းမှာ အခြေအနေ တိုးတက် ကောင်းမွန်လာပြီမို့ ဒုက္ခသည်တွေ နေရပ်ရင်း ပြန်တဲ့ကိစ္စကို ဦးစားပေး ဆောင်ရွက်ဖို့ လိုပြီလို့ တာ့ခ်ခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူးနဲ့ တွေ့ဆုံအပြီးမှာ မြန်မာနိုင်ငံ ဆိုင်ရာ သြစတြေးလျ သံအမတ်ကြီးက အောက်တိုဘာလ ၂၀ရက်နေ့က ပြောပါတယ်။

သြစတြေးလျ နိုင်ငံဟာ ထိုင်း မြန်မာ နယ်စပ်က မြန်မာနိုင်ငံသား ဒုက္ခသည်တွေကို ထောက်ပံ့နေတဲ့ နိုင်ငံတွေထဲမှာ အဓိက အလှူရှင်နိုင်ငံ တနိုင်ငံ ဖြစ်ပြီး ဆယ်စုနှစ်နဲ့ချီ ထောက်ပံ့လာတာ ဖြစ်ပါတယ်။

ဒါ့အပြင် သောင်းနဲ့ချီတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်တွေကိုလည်း သြစတြေးလျမှာ နေရာချ ထားပေးခဲ့ပါတယ်။

အခု မြန်မာနိုင်ငံမှာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပြီးနောက် လိုအပ်တာတွေကို ဆောင်ရွက်ဖို့ မြန်မာနိုင်ငံ ကရင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲက ဒုက္ခသည်တွေ ကိစ္စကို ထိုင်းနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီးတို့က တာ့ခ်ခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူးနဲ့ မဲဆောက်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီးက သြစတြေးလျ နိုင်ငံဟာ မြန်မာ ဒုက္ခသည်တွေ အတွက် နှစ်ရှည် ထောက်ပံ့ခဲ့သလို သူတို့နိုင်ငံမှာလည်း ပြန်လည် နေရာချထားပေးပြီး ဖြစ်ကြောင်း၊ အခုအခါ တခြားနိုင်ငံတွေကို အလှည့်ပေးဖို့ အချိန်ရောက်ပြီ ဖြစ်ကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီး မစ္စတာ Nicholas Coppel ကလည်း အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီးတဲ့ နောက်ပိုင်းမှာ မြန်မာနိုင်ငံ အခြေအနေ တိုးတက် ကောင်းမွန်လာတယ်လို့ ယူဆကြောင်း၊ မြန်မာဖက်နယ်စပ်က အခြေအနေ တိုးတက်မှုကြောင့် နေရပ်ရင်း ပြန်ဖို့ ဆန္ဒရှိသူတွေ၊ ကိုယ့်နိုင်ငံ ပြန်ချင်သူတွေ အတွက် ပြန်ဖို့ လွယ်ကူသွားစေကြောင်း၊ ဒါကြောင့် သူတို့ အိမ်ပြန်တာကို ဆောင်ရွက်ပေးဖို့ ဦးစားပေးသင့်ကြောင်း ပြောသွားပါတယ်။

လူသစ်တွေကို လက်ခံတာ မတွေ့ရပေမယ့် လက်ရှိ သြစတြေးလျကို ရောက်နေသူ မြန်မာနိုင်ငံသား ဒုက္ခသည်တွေရဲ့ ကျန်နေတဲ့ မိသားစု၀င်တွေကတော့ မိသားစု ပြန်လည် ပေါင်းစည်းရေး အစီအစဉ်အနေနဲ့ သွားလို့ ရနေသေးတယ်လို့ သိရပါတယ်။

တာ့ခ်ခရိုင်ထဲက မယ်လ၊ အုန်းပြန့်နဲ့ နို့ဖိုး ဒုက္ခသည်စခန်းတွေ အထဲမှာ လက်ရှိ တသိန်းနီးပါး ရှိတဲ့ မြန် မာနိုင်ငံသား ဒုက္ခသည်တွေထဲမှာ တတိယနိုင်ငံကို သွားပြီး အခြေချချင်သူတွေ ရှိသလို တချို့က ထိုင်းနိုင်ငံမှာပဲ ဆက်နေချင်ပြီး တချို့ကတော့ မြန်မာနိုင်ငံ နေရပ်ရင်းကို ပြန်ချင်သူတွေ ရှိပါတယ်။

အခုအခါ တတိယနိုင်ငံကို သွားပြီး အခြေချမယ့် အစီအစဉ်က ရပ်ဆိုင်းနေပြီ ဖြစ်တာကြောင့် တတိယနိုင်ငံကို သွားချင်တဲ့ ဒုက္ခသည်တွေနဲ့ ထိုင်းနိုင်ငံမှာ နေချင်တဲ့ ဒုက္ခသည်တွေ ကိစ္စကို ထိုင်းနိုင်ငံနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ သဲသဲကွဲကွဲ မသိရသေးဘူးလို့ မဲဆောက်က ဘီဘီစီ သတင်းထောက်က သတင်းပေးပို့ထားပါတယ်။