ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အပေါ် ဘီဘီစီ တုံ့ပြန်ချက်

  • 20 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် BBC Burmese

ဘီဘီစီ မြန်မာပိုင်း အစီအစဉ်ရဲ့ အောက်တိုဘာလ ၁၈ ရက် တနင်္ဂနွေနေ့ နံနက်ခင်း ထုတ်လွှင့်မှုနဲ့ ပတ်သက်ပြီး ပြန်ကြာရေး ဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်မှာ သတင်း ထုတ်ပြန်ချက် အဖြစ် ဖော်ပြချက်ကို ဘီဘီစီ မြန်မာပိုင်း ဌာနမှူး ဒေါ်တင်ထားဆွေက အခုလို ပြန်လည် ဖြေကြားလိုက်ပါတယ်။

'ရွေးကောက်ပွဲ အကြို မဲဆွယ်ချိန်မှာ မဲပေးမယ့် မဲဆန္ဒရှင်တွေရဲ့ အမြင် အမျိုးမျိုးကို ဘီဘီစီ အနေနဲ့ သတင်း တင်ဆက် ပေးတာဟာ ပုံမှန် လုပ်ရိုးလုပ်စဉ် တစ်ခုပဲ ဖြစ်ပါတယ်။

ကြံ့ခိုင်ရေး ပါတီကို မဲပေးချင်တယ် ဆိုတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသက အမျိုးသမီး တစ်ဦးနဲ့ အမျိုးသား တစ်ဦးရဲ့ ပြောကြားချက် ကိုလည်း အောက်တိုဘာ လ ၁၂ ရက် ဘီဘီစီ မြန်မာပိုင်း အစီအစဉ်ရဲ့ ဖေ့စ်ဘွတ်မှာ တင်ဆက် ပေးခဲ့ပါတယ်။ ကြံ့ခိုင်ရေး ပါတီက သူတို့ နယ်မြေက ကလေးတွေ အတွက် ကျောင်းတွေကို ထောက်ပံ့ ပေးပြီး ကျေးရွာ ဖွံ့ဖြိုးရေးတွေ လုပ်ပေးလို့ မဲပေးချင်တယ်လို့ အဲဒီ အမျိုးသမီးက ဆိုပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ထုတ်လွှင့်ချက် မှာတော့ အန်အယ်လ်ဒီ ပါတီ ထောက်ခံသူတွေရဲ့ အမြင်ကို နားဆင်ခဲ့ရသလို၊ တခြား ပါတီတွေကို ထောက်ခံသူတွေနဲ့ ဘယ်ပါတီကို မဲပေးရမှန်း မသိ မဆုံးဖြတ်နိုင်သူတွေရဲ့ အသံတွေကိုလည်း ဘီဘီစီက ထုတ်လွှင့်ခဲ့ပါတယ်။

ဘီဘီစီ မြန်မာပိုင်းရဲ့ တင်ဆက်မှုတွေဟာ ဘီဘီစီရဲ့ တိကျခိုင်မာတဲ့ သတင်း မူဝါဒ စည်းမျဉ်းတွေကို လိုက်နာပြီး ထုတ်လွှင့် တင်ဆက် ပေးနေတာ ဖြစ်ပါတယ်။ ဒီလိုပဲ လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဘီဘီစီရဲ့ တင်ဆက်မှုတွေမှာလည်း ဘက်မလိုက်ဘဲ တိကျမျှတတဲ့ သတင်းတွေကို ထုတ်လွှင့် တင်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။'