ရွေးကောက်ပွဲ ရလဒ်ကို ၂ ပတ်အတွင်း ကြေညာမယ်

  • 20 အောက်တိုဘာ 2015
Election Commission Chairman U Tin Aye ဓာတ်ပုံ မူပိုင် burmese
Image caption နိုင်ငံရေး ပါတီတွေနဲ့ တွေ့ဆုံစဉ်မှာ တိုင်ကြားမှု တွေကို ဖြေရှင်းရေးနဲ့ ပတ်သက်လို့လည်း ဆွေးနွေးခဲ့

ရွေးကောက်ပွဲ အပြီး နှစ်ပတ် အတွင်းမှာ ရွေးကောက်ပွဲ ရလဒ်ကို ကြေညာမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ဖော် ပြောလိုက်ပါတယ်။

အောက်တိုဘာလ ၂၀ ရက်နေ့က နိုင်ငံရေး ပါတီက တာဝန်ရှိသူတွေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ ရန်ကုန်မှာ တွေ့ဆုံချိန်က ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ က ပြောခဲ့ ပါတယ်။

အဲဒီ တွေ့ဆုံပွဲမှာ ရွေးကောက်ပွဲ မဲဆွယ်ကာလ အတွင်း ဖြစ်ပေါ်နေတဲ့ ပြဿနာတွေ တိုင်ကြားမှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တဲ့ အပြင် တဖက်နဲ့တဖက် ပြဿနာတွေ ဖြစ်လာတဲ့အခါ ဖြေရှင်းဖို့ နည်းလမ်းတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ လူဘောင်သစ် ဒီမိုကရက်တစ်ပါတီ အထွေထွေ အတွင်းရေးမှူး ဦးငွေလင်းက ပြန်ပြောပါတယ်။

ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး စတင်တဲ့ အချိန်ကနေ အခုချိန်ထိ ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားထားတဲ့ အမှုပေါင်း ၈၀ ကျော် ရှိပြီး နှစ်မှု သုံးမှု ကိုသာ ဖြေရှင်းနိုင် သေးတယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ မတွေ့ဆုံခင်မှာ အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နဲ့ ရွေးကောက်ပွဲ ကော်မရှင်တို့ တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲကို ပူးပေါင်း ဆောင်ရွက်မယ့် အကြောင်း ဆွေးနွေးခဲ့ပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်က စတင်ပြီး ကြိုတင်မဲတွေ ပေးနေကြရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ ပြောနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ