အီးယူအဖွဲ့ စစ်တပ်မဲပေးမှုလည်း စောင့်ကြည့်မယ်

  • 20 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် Getty
Image caption ကာကွယ်ရေး ဦးစီးချုပ်က သဘောတူ ခဲ့ကြောင်း အီးယူ လေ့လာရေး မှူးချုပ် မစ္စတာ လန်းစဒေါ့ ပြော

လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲ မှာ ဥရောပ သမဂ္ဂ အီးယူ ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့ဟာ စစ်တပ် ဘက်က မဲရုံတွေရဲ့ မဲပေး မှုကို လည်း စောင့်ကြည့် လေ့လာသွား မယ်လို့ ပြောကြား လိုက်ပါ တယ်။

အဖွဲ့ဝင် ၁၅၀ ပါတဲ့ ဥရောပ သမဂ္ဂ ရွေးကောက် ပွဲ လေ့လာရေး အဖွဲ့က စစ်တပ် မဲရုံတွေ အပါ အဝင် မြန်မာ နိုင်ငံ အနှံ့က မဲရုံတွေ ကိုလေ့လာ စောင့်ကြည့် သွားမှာ ဖြစ်ပြီး မြန်မာ ရွေးကောက်ပွဲ ဆိုင်ရာ လေ့လာ တွေ့ရှိချက် တွေကို ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါဟာ မြန်မာ့ ရွေးကောက်ပွဲ သမိုင်းမှာ စစ်တပ် ဘက်က မဲပေးမှုကို ထူးထူး ခြားခြား လေ့လာခွင့် ရတာလည်း ဖြစ်ပါတယ်။

မြန်မာ နိုင်ငံရဲ့ အမျိုးသား လုံခြုံရေး အရ အရေး ကြီးတဲ့ နေရာ တချို့ က လွဲလို့ စစ်တပ် မဲပေးရုံတွေ ကို လွတ်လပ်စွာ လေ့လာခွင့် ပြုမယ်လို့ ကာကွယ်ရေး ဦးစီးချုပ် က သဘောတူ ခဲ့ကြောင်း အီးယူ လေ့လာရေး မှူးချုပ် မစ္စတာ လန်းစဒေါ့ ပြော ပါတယ်။

ဒါပေမဲ့ ဘယ် နေရာတွေ ဟာ အမျိုးသား လုံခြုံရေး အတွက် အရေးကြီးတဲ့ နေရာ ဖြစ်လို့ လေ့လာခွင့် မရဘူး ဆိုတာ ကိုတော့ မပြောသွား ပါဘူး။

ဥရောပ သမဂ္ဂ ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့ဟာ နိုင်ငံ တကာ လေ့လာရေး အဖွဲ့ တွေထဲ မှာ အင်အား အများဆုံး စောင့် ကြည့်မယ့် အဖွဲ့ဖြစ်ပါ တယ်။

လေ့လာရေး မှူးချုပ် လန်းစဒေါ့ ဟာ သူရဲ့ ခရီးစဉ် အတွင်းမှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကြံ့ခိုင်ရေး ပါတီ ဒုတိယ ဥက္ကဌ ဦးဌေးဦး၊ ဒေါ်အောင်ဆန်းစု ကြည်၊ ရွေးကောက်ပွဲ ကော်မရှင် နဲ့လည်း တွေ့ဆုံ ခဲ့ပါ တယ်။

အီးယူ လေ့လာရေး အဖွဲ့ ဟာ ပြည်တွင်း ပြည်ပ ကြိုတင်မဲ ပေးတဲ့ လုပ်ငန်းတွေ ကိုပါ လေ့ လာမှာ ဖြစ်တယ် လို့ ပြောပါတယ်။

ဥရောပ သမဂ္ဂ ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့ ကနဦး လေ့လာတွေ့ ရှိချက် ကိုတော့ ရွေးကောက်ပွဲ ပြီး နှစ်ရက် အကြာမှာ ထုတ်ပြန်မှာ ဖြစ်ပြီး အသေးစိတ် အစီရင်ခံ စာကို တော့ နှစ်လ အကြာမှ ထုတ်ပြန် နိုင်မှာ ဖြစ်တယ် လို့ ပြောသွား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ