ပြည်ပသြဇာခံကို မဲမပေးဖို့ ကာချုပ် ညွန်ကြား

  • 21 အောက်တိုဘာ 2015
Senior General Min Aung Hlaing ဓာတ်ပုံ မူပိုင် Reuters
Image caption ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်သား တွေကို ခေါ်ယူတွေ့ဆုံ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော် တိုင်း စစ်ဌာနချုပ်က အရာရှိ နဲ့ တပ်မတော်သားတွေကို အောက်တိုဘာလ ၂၀ ရက်နေ့က တွေ့ဆုံ အမှာစကား ပြောခဲ့ရာမှာ လာမယ့် ရွေးကောက်ပွဲ မဲပေးမှုနဲ့ ပတ်သက်လို့ ညွှန်ကြား ခဲ့ပါတယ်။

စစ်တပ် အပေါ်စာနာသူ၊ အမျိုး ဘာသာကို ကာကွယ် စောင့်ရှောက်သူ၊ ပြည်ပ သြဇာခံ မဟုတ်သူတွေကိုသာ မဲပေးဖို့ ကာကွယ်ရေး ဦးစီးချုပ်က ပြောခဲ့တာဟာ ဒေါ်အောင်ဆန်း စုကြည်ကို ရည်ရွယ် ပြောတာ ဖြစ်နိုင်တယ်လို့ ပြည်တွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ယူဆ ပြောဆိုနေကြပါတယ်။

နိုင်ငံရေး ဆောင်ပါးတွေရေးတဲ့ ရန်ကုန်က စာရေးဆရာ ဦးခမ်းဝင်းကလည်း ဒါဟာ ဒေါ်အောင်ဆန်း စုကြည်နဲ့ အန်အယ်လ်ဒီ ပါတီကို မဲမပေးဖို့ ညွှန်ကြားတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

တပ်မတော်ရဲ့ အကြီးအကဲက ပြောဆို ညွှန်ကြားတာတွေကို သူ့ တပ်သားတွေက ငြင်းဆန်နိုင်ဖို့တော့ ခက်နိုင်တယ်လို့ သူက ပြောပါတယ်။

အခုလို ရွေးကောက်ပွဲ နီးလာချိန်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သူ့တပ်သားတွေကို ခေါ်ယူ ညွှန်ကြားတာဟာ သူလိုချင်တဲ့ လမ်းကြောင်းကို ရောက်အောင် ဖိအား ပေးတာ ဖြစ်နိုင်သလို သူတို့ လိုချင်တဲ့ လမ်းကြောင်း ကနေ လွဲချော်ပြီး တခြား ပါတီကို ထောက်ခံတဲ့ အင်အားစုတွေ တပ်ထဲမှာ ပေါ်ပေါက်တယ်လို့ ယူဆတဲ့ အတွက်လည်း ဖြစ်နိုင်တယ်လို့ စာရေးဆရာ ဦးခမ်းဝင်းက သုံးသပ်ပါတယ်။

တပ်မတော် အနေနဲ့က သမိုင်း တလျှောက်လုံးမှာ သူတို့ လိုလားတဲ့ ပါတီ တစ်ခုခုဘက်ကပဲ ရပ်တည်ခဲ့တာတွေရှိခဲ့ပြီး စစ်တိုက်တဲ့ နည်းနဲ့ ရပ်တာ၊ လူထုရဲ့ ဒီမိုကရေစီ တောင်းဆိုတာ တွေကို ချိုးဖျက်တဲ့နည်းနဲ့ ဒါမှ မဟုတ် အုပ်ချုပ်ရေး ယန္တရားနဲ့ ဖိနှိပ်ပြီး ရပ်တည်ခဲ့တာရှိခဲ့တယ်လို့ သူက ပြေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ