မိုင်းရှူး မှာ SSPP/SSA နဲ့ အစိုးရတပ် တိုက်ပွဲများ ပြင်းထန်

  • 22 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် no credits
Image caption ရှမ်းပြည် တပ်မတော် SSPP/SSA

အောက်တိုဘာ ၂၁ ရက်နေ့မှာလည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေပြီး နှစ်ဘက် အထိအခိုက် အကျအဆုံး များ ရှိတယ်လို့ ဆိုပါတယ်။

ရှမ်းပြည် တပ်မတော် SSPP/SSA ဘက်က စေ့စပ် ညှိနှိုင်းဖို့ ကြိုးစားနေပြီး အစိုးရ ဘက်က စစ်အင်အား တိုးချဲ့လုပ်ဆောင်နေကြောင်း ရှမ်းပြည် တပ်မတော် SSPP/SSA က တာဝန်ရှိသူ တစ်ဦး ဖြစ်တဲ့ ဗိုလ်မှူးကြီး စိုင်းလ က ပြောပါတယ်။

အစိုးရ စစ်တပ်နဲ့ ရှမ်းပြည်တမ်မတော် SSPP/SSA တို့အကြား တိုက်ပွဲ ဖြစ်ပွားမှုဟာ အခု ဆိုရင် ရက်သတ္တပါတ် ၂ ပါတ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

တိုက်ပွဲ ဖြစ်ပွား နေမှု ကြောင့် ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေဟာ တိုက်ပွဲနဲ့ ဝေးရာဆီ သို့ ထွက်ပြေး တိမ်းရှောင် နေကြရပါတယ်။

SSPP/SSA ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး စိုင်းလ က မိုင်းနောင်ဘက်မှာ စစ်တပ်ဘက်က စစ်အင်အား ထပ်ဖြည့်တင်း နေကြောင်း နဲ့ စစ်တပ် ဘက်က ကထစ မှူးကိုယ်တိုင် ရောက်ရှိနေတယ်လို့ တိုက်ပွဲ နောက်ဆုံး အခြေအနေနဲ့ ပါတ်သက်လို့ ဘီဘီစီကို ပြောပါတယ်။

တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ရှမ်းပြည်တပ်မတော် SSPP/SSA ဘက်က ၅ ယောက် ကျဆုံးခဲ့ပြီး ၁၅ ယောက် ဒဏ်ရာ ရရှိခဲ့ကြောင်း ဗိုလ်မှူးကြီး စိုင်းလက ဆက်ပြောပါတယ်။

အစိုးရ တပ်မတော် ဘက်ကို တိုက်ပွဲ အခြေအနေနဲ့ ပါတ်သက်ပြီး ဘီဘီစီက ဆက်သွယ် မေးမြန်းရာမှာ ရှမ်းပြည် တပ်မတော် SSPP/SSA ဘက်က ဝမ်ဟိုင်း ဌာနချုပ်နဲ့ ၁၀ မိုင် အကွာမှာ စစ်စခန်း တိုးချဲ့တာကြောင့် ဖြစ်ကြောင်း ပြောပါတယ်။

ရှမ်းပြည် တပ်မတော် SSPP/SSA ဟာ ပြည်ထောင်စု အဆင့် အပစ်ရပ် လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပြီး တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ် NCA မှာ လက်မှတ်ရေး ထိုးခြင်း မရှိတာကြောင့် စစ်ရေးအရ ဖိအားပေးလိုတဲ့ အတွက်ကြောင့် တိုက်ပွဲဖြစ်ပွားရခြင်း နောက်ထပ် အကြောင်းအရင်း အဖြစ် လေ့လာ သူတွေက သုံးသပ် နေတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ