အမေရိကန်မြန်မာ ဆက်ဆံရေး ရွေးကောက်ပွဲ ရလဒ်ပေါ်တည်

  • 21 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် bbc
Image caption ရွေးကောက်ပွဲ ရလဒ်ကို အားလုံး လက်ခံရေးက သိပ်ကို အရေးကြီးတယ်လို့ အရှေ့အာရှရေးရာ အမေရိကန် အငယ်တန်း နိုင်ငံခြားရေး ဝန်ကြီးပြော

အမေရိကန်နဲ့ မြန်မာ အနာဂါတ် ထိတွေ့ ဆက်ဆံရေးဟာ လာမယ့် ရွေးကောက်ပွဲ ရလဒ်ပေါ်မှာ မူတည်နေတယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။

ရွေးကောက်ပွဲ ချွတ်ယွင်းမှုတွေကို အမေရိကန် အစိုးရအနေနဲ့ မသိကျိုးကျွံ လုပ်နေမှာ မဟုတ်ကြောင်း၊ ရွေးကောက်ပွဲအပြီး တက်လာမယ့် အစိုးရကို အကူအညီ ပေးရေး၊ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို နောက်ထပ် လျှော့ချရေးတွေဟာ အဲဒီ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေနဲ့ ရလဒ်ပေါ်မှာ မူတည်နေတယ်လို့ အရှေ့အာရှရေးရာ အမေရိကန် အငယ်တန်း နိုင်ငံခြားရေးဝန်ကြီး Daniel Russel က ဝါရှင်တန်မြို့ ကွန်ဂရက် လွှတ်တော် ကြားနာပွဲမှာ ပြောကြားခဲ့ပါတယ်။

အတိုက်အခံ နိုင်ငံရေး ပါတီတွေ၊ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူတွေ၊ မြန်မာပြည်သူတွေနဲ့ သတင်းမီဒီယာတွေဆီက တုန့်ပြန်ပြောဆိုချက်တွေကို အခြေခံပြီး သုံးသပ်သွားမယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ အပြီးကာလကို အသေအချာ စောင့်ကြည့် လေ့လာသွားမှာ ဖြစ်ပြီး ရွေးကောက်ပွဲ ရလဒ်ကို အားလုံး လက်ခံရေးက သိပ်ကို အရေးကြီးတယ်လို့ ဆိုပါတယ်။

ဘာသာရေးကို နိုင်ငံရေးနဲ့ ရောယှက်တာမျိုး၊ ဘာသာရေး အမုန်းစကား ဖြန့်တာမျိုးတွေကြောင့် ရွေးကောက်ပွဲနေ့မှာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာနိုင်ကြောင်း အရှေ့အာရှရေးရာ အမေရိကန် အငယ်တန်း နိုင်ငံခြားရေးဝန်ကြီး Daniel Russel က သတိပေး ပြောကြားသွားပါတယ်။