နိုင်ငံရေးပါတီတွေ ရိုးသားတဲ့နည်းနဲ့ မဲဆွယ်ဖို့ ဒေါ်စု တိုက်တွန်း

  • 22 အောက်တိုဘာ 2015
Daw Aung San Suu Kyi ဓာတ်ပုံ မူပိုင် AFP
Image caption ရှမ်းပြည်နယ် ကျိုင်းတုံမြို့ မဲဆွယ် စည်းရုံးရေး ခရီစဉ်မှာ လူအများအပြား ကြိုဆိုခဲ့

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီကနေ့မှာ မိုင်းဖြတ်နဲ့ ကျိုင်းတုံ မြို့တို့မှာ ပါတီ စည်းရုံးရေး မဲဆွယ်ဟောပြောမှုတွေ လုပ်ခဲ့ပြီး နှစ်ရက် အကြာ ရှမ်းပြည်အရှေ့ပိုင်း ခရီးစဉ်ကို အောက်တိုဘာ၂၂ ရက်နေ့က အပြီးသတ်လိုက်ပြီ ဖြစ်ပါတယ်။

ရှမ်းပြည်အရှေ့ပိုင်း ခရီးစဉ်မှာ ဒေါ်အောင်ဆန်း စုကြည်က မဲဆွယ်စည်းရုံးရေး ကိစ္စတွေ၊ အဂတိ လိုက်စားမှုတွေနဲ့ တိုင်းပြည် ရဲ့ စနစ်ကို ပြောင်းလဲဖို့ NLD ပါတီကို မဲထည့်ပါလို့ အဓိက ပြောခဲ့ပါတယ်။

မိုင်းဖြတ်မြို့ လေယာဉ်ကွင်းမှာ ဟောပြောခဲ့ရာမှာ ဒေါ်အောင်ဆန်း စုကြည်က လာမယ့် ရွေးကောက်ပွဲကို အန်အယ်လ်ဒီက ဝင်ပြိုင်တာဟာ နှစ်ပေါင်း ၅၀ ကျော် လွှမ်းမိုးခဲ့တဲ့ အာဏာရှင် စနစ်ကို ပြောင်းလဲဖို့ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ပြည်သူတွေ အနေနဲ့ စိတ်လုံခြုံမှု ရှိရမယ်၊ ခြိမ်းခြောက်ခံရမှုကြားမှာ မနေသင့်ဘူး၊ ကိုယ့် အခွင့် အရေးကို သိရှိပြီး ရပိုင်ခွင့်တွေလည်း ရှိရမယ်လို့ လည်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

ကျိုင်းတုံမြို့ မင်္ဂလာ ဖားစည်ကွင်းမှာ လုပ်တဲ့ ဟောပြောပွဲမှာ နိုင်ငံရေးပါတီတွေ ရိုးသားတဲ့နည်းနဲ့ မဲဆွယ်ဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။

မိုင်းဖြတ်နဲ့ ကျိုင်းတုံမှာ လူထု ဟောပြောပွဲတွေ မတိုင်ခင်တစ်ရက်ကလည်း တာချီလိတ်မှာ ဟောပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့လ အစောပိုင်းက ပထမဆုံး ရှမ်းပြည် ခရီးစဉ်မှာ ရှမ်းပြည်တောင်ပိုင်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဟိုပုံးနဲ့ ဆီဆိုင်မြို့တို့မှာ လူထု နဲ့ တွေ့ဆုံ ဟော ပြောခဲ့ပါ သေးတယ်။

ဒေါ်အောင်ဆန်း စုကြည်ရဲ့ နှစ်ရက်ကြာ ရှမ်းပြည် စည်းရုံးရေး ခရီးစဉ်ကို ဒေသခံ ရှမ်းတိုင်းရင်းသား အတော်များများက ကြိုဆိုခဲ့ကြပြီး ဟောပြောပွဲတွေကို လူတွေ သောင်းနဲ့ ချီပြီး တက်ရောက်ခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်မဲဆွယ် ခရီးစဉ်တွေကြောင့် ရှမ်းပြည်နယ်တွင်းမှာ နေရာစုံ ယှဉ်ပြိုင်ဖို့ ရှိတဲ့ ရှမ်းတိုင်းရင်းသား ပါတီတွေကို လူထုထောက်ခံမှု လျော့သွားမှာ မဟုတ်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ