ကျောက်စိမ်းတွေ ဘယ်ရောက်ကုန်သလဲ

  • 23 အောက်တိုဘာ 2015
Jade ဓာတ်ပုံ မူပိုင် AFP
Image caption ကျောက်စိမ်းသို့မဟုတ် နိုင်ငံတော်လျှို့ဝှက်ချက်ကြီး

ကျောက်စိမ်းလုပ်ငန်းက ရတဲ့ ငွေကြေးတွေ ဘယ်ရောက်ကုန်သလဲဆိုတာဟာ Global Witnesss ကထုတ်တဲ့ အစီရင်ခံစာမှာ မေးခွန်း ထုတ်ထားတာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ တရုတ် နိုင်ငံကို ကျောက်စိမ်း ရောင်းရငွေဟာ အမေရိကန် ဒေါ်လာ ၁၂ ဘီလျံ ရှိပြီး တနိုင်ငံလုံးထွက်ရှိတဲ့ တန်ဖိုးဟာ ဒေါ်လာ ၃၁ ဘီလျံရှိတယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေမိသားစု၊ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံဖြိုးရေး ပါတီ မှာ အထွေထွေအတွင်းရေးမှူး တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ဟောင်းမောင်မောင်သိန်း၊ လက်ရှိ မွေးမြူရေး နဲ့ ရေလုပ်ငန်း ဝန်ကြီး ဦးအုန်းမြင့် ၊ လူမှုဝန်ထမ်း ကယ်ဆယ် ရေးနဲ့ ပြန်လည် နေရာ ချထားရေး ဒုဝန်ကြီး ဦးဘုန်းဆွေ၊ ဆက်သွယ်ရေးနဲ့ သတင်း အချက်အလက် နည်းပညာ ဌာန ဒုဝန်ကြီး ဦးဝင်းသန်း တို့ဟာလည်း ကျောက်စိမ်း ကဏ္ဍကနေ ဝင်ငွေ အမြောက် အမြား ရခဲ့ တယ်လို့ ဖော်ပြ ပါတယ်။

ဗိုလ်ချုပ်မှူး ကြီးဟောင်း သန်းရွှေမိသားစုပိုင်တဲ့ ကြိုင်အင်တာနေရှင်နယ်ကုမ္ပဏီနဲ့ မြန်မာနိုင်ဂရုတို့က အများဆုံးလို့ ဆိုပါတယ်။ ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်ကို ငွေကြေး အများဆုံး ထောက်ပံ့ပေးနေတဲ့ ဝေရှောက်ခန်းနဲ့ ကေအိုင်အေ ကချင်လွတ်လပ်ရေးတပ်မတော်တို့ကလည်း အကျိုးအမြတ်အများအပြား ရနေတယ်လို့ ဆိုပါတယ်။

စစ်ပွဲ၊ လယ်သိမ်းမြေသိမ်းမှုတွေနဲ့ သဘာဝပတ်၀န်းကျင် ပျက်စီးမှုတွေဟာလည်း ကျောက်စိမ်းအရောင်းအဝယ် အမြတ်အစွန်းတွေနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

ဒီအစီရင်ခံစာကို အစိုးရမှတ်တမ်းတွေဆီကနေ အများဆုံးရခဲ့တာ ဖြစ်ပြီး၊ ကျောက်စိမ်းလုပ်ငန်းနဲ့ ပတ်သက် ဆက်စပ်သူ လူအယောက် ၄၀၀ ကျော်ကို မေးမြန်းခဲ့သလို တနှစ်ကျော်ကြာ သုတေသနပြု လေ့လာပြီးမှ ပြုစုခဲ့တာလို့ Global Witnesss ရဲ့ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မိုက်ဒေးဗစ်က ဘီဘီစီကို ပြောပါတယ်။