NLD ပါတီဝင်တစ်ဦး ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရပြန်

  • 24 အောက်တိုဘာ 2015
_nld_campaign ဓာတ်ပုံ မူပိုင် AFP
Image caption ဧရာဝတီ တိုင်း ထဲ အခုလို NLD ပါတီဝင်တွေ ကိုယ်ထိ လက်ရောက် အတိုက်အခိုက် ခံ ခဲ့ရတာ မျိုး အရင်ကလည်း ၃ ကြိမ် ဖြစ်ပေါ် ခဲ့။

ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင် မြို့နယ် ထဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ဒေသခံ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ ခေါင်းဆောင် တစ်ဦး အတိုက်အခိုက် ခံခဲ့ရတာ နဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင် ကို အကြောင်းကြား ထားပေမယ့် အခု အချိန်ထိ တစုံတရာ အရေးယူ ဆောင်ရွက်တာ မျိုး မရှိသေးဘူး ဆိုပြီး NLD ပါတီ ဘက်က ပြောပါ တယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ က မအူပင် မြို့နယ်၊ ရေလဲကလေး ကျေးရွာ မှာ လူတစ်ဦးက ဒေါက်တာ သန့်ဇင်လတ် ကို NLD ပါတီ ဝင် ဖြစ်ခြင်းကြောင့် တိုက်ခိုက် တာ ဖြစ်တယ် ဆိုတဲ့ သိသာစေတဲ့ စကားမျိုး သုံးစွဲ ရိုက်နှက် ခဲ့တာ လို့ မျက်မြင် သက်သေ တစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။

အခုလို တိုက်ခိုက် ခဲ့သူဟာ အခင်း ဖြစ်ပွားရာ ရေကလေး ကျေးရွာရဲ့ ရပ်/ကျေး ဖွံဖြိုး တိုးတက်ရေး အထောက် အကူပြု အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဦးစိန်လှိုင် ဖြစ်တယ် လို့ စွပ်စွဲပြီး ရဲစခန်းမှာလည်း အမှုဖွင့် ထားပါတယ်။

ရွေးကောက်ပွဲ အကြို ပါတီတွေ မဲဆွယ် စည်းရုံးနေတဲ့ ကာလ မှာ ဧရာဝတီ တိုင်း ထဲ အခုလို NLD ပါတီဝင်တွေ ကိုယ်ထိ လက်ရောက် အတိုက်အခိုက် ခံ ခဲ့ရတာ မျိုး အရင်ကလည်း ၃ ကြိမ် ဖြစ်ပေါ် ခဲ့ဖူးပြီး ရန်စ လှုံ့ဆော် တာတွေလည်း တွေ့ကြုံ နေရတယ် လို့ ဧရာဝတီ တိုင်း ဒေသကြီး ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး ခေါင်းဆောင် ဒေါက်တာ ဦးမျိုးညွန့် က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ