ဘာသာရေး မဲဆွယ်မှုတွေအပေါ် ဒေါ်အောင်ဆန်းစုကြည် မေးခွန်းထုတ်

  • 24 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption ကော့မှူးမြို့ဆီအသွား လမ်းတလျှောက် ကျေးရွာ တွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပုံစံမျိုးစုံနဲ့ ကြိုဆိုခဲ့ကြ

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် သူဝင်အရွေးခံမယ့် ကော့မှူးမြို့နယ်မှာ အောက်တိုဘာလ ၂၄ရက်နေ့က သွားရောက် မဲဆွယ် စည်းရုံးခဲ့ပါတယ်။

လူမျိုးရေး ဘာသာရေး ကိစ္စတွေကို နိုင်ငံရေးမှာ ဆွဲပြီး သုံးတာဟာ တရား ဥပဒေကို ချိုးဖောက်ရာ ရောက်ကြောင်း၊ ဒါမျိုးကို သက်သေ အထောက်အထားနဲ့ တင်ပြလာမယ် ဆိုရင် တရားစွဲဆိုပေးသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က လူထုကို ပြောသွားပါတယ်။

ရွေးကောက်ပွဲမှာ NLD အနိုင်ရလို့ အစိုးရအဖြစ် တာဝန်ယူ ဆောင်ရွက်တဲ့အခါကျရင် ဘယ်သူ့ကိုမှ ဂလဲ့စားချေဖို့ မရှိပဲ အမျိုးသား ရင်ကြားစေ့ရေးကို ရှေ့တန်းတင်ပြီး အားလုံး အေးအေးချမ်းချမ်း နေနိုင်ဖို့ကို ဦးတည် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

တပ်မတော်ထဲက ဘယ်သူ တဦးတယောက်ကိုမှ ပြဿနာရှာ အရေးယူဖို့ ရည်ရွယ်ချက် မရှိကြောင်းနဲ့ အဲဒီလို ပြဿနာရှာ အရေးယူဖို့ NLD မှာ ရည်ရွယ်ချက် ရှိတယ်လို့ ပြောနေသူတွေဟာ နိုင်ငံရေးအရ သက်သက် ဝါဒဖြန့်နေတာသာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရွေးကောက်ပွဲနေ့မှာ မတည်မငြိမ် ဖြစ်အောင် တချို့အဖွဲ့အစည်းတွေက လုပ်ဆောင်နိုင်တယ် ဆိုတဲ့ သတင်းတွေ ရထားတယ်လို့လည်း ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ ကိုယ့်ကို ရန်စလာရင်တောင် သည်းခံဖို့နဲ့ ဒီရွေးကောက်ပွဲဟာ မြန်မာပြည် အနာဂါတ်အတွက် အလွန် အရေးကြီးတာကြောင့် ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ဖြစ်ရေးကို ဝိုင်းဝန်း ကူညီ ဆောင်ရွက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က လူထုကို တိုက်တွန်းပြောသွားပါတယ်။

တွံတေး မြို့အစပ်ကနေ ကော့မှူးမြို့ ရောက်တဲ့အထိ လမ်းတလျှောက် ကျေးရွာတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ပုံစံမျိုးစုံနဲ့ ကြိုဆိုခဲ့ကြပြီး ကြိုဆိုတဲ့သူတွေထဲမှာ လူငယ်တွေ အများစု ပါဝင်တာ တွေ့ရတယ်လို့ အဲဒီ ခရီးစဉ်မှာ လိုက်ပါသွားတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။