အဓိကဝင်ငွေ ကျောက်စိမ်းက ရလို့ KIA ဝန်ခံ

  • 25 အောက်တိုဘာ 2015
jade ဓာတ်ပုံ မူပိုင် Reuters
Image caption ဒေသခံတွေ အကျိုးခံစားခွင့် မရှိသလောက်ဖြစ်

မကြာခင်က ထုတ်ပြန် လိုက်တဲ့ Gobal Witness အဖွဲ့ အစီရင်ခံစာ ဟာ အခြေအနေ မှန် နဲ့ နီးစပ်တယ် လို့ ကချင် လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ တာဝန် ရှိသူ တဦးက ပြောပါတယ် ။

ဒါ့အပြင် ကေအိုင်အေ က သူတို့ရဲ့ အဓိက ဝင်ငွေ ဟာ ကျောက်စိမ်း ထုတ်လုပ်မှု က လို့ ဝန်ခံ လိုက်ပါ တယ် ။

မန္တလေးမြို့ မြောက်ဘက် မိုင် ၂ဝဝ ကျော် အကွာ ကချင် ပြည်နယ်တွင်းက ပဋိပက္ခ တွေ ဖြစ်နေတဲ့ ဒေသတွေဟာ ကမ္ဘာပေါ် မှာ ကျောက်စိမ်း အများဆုံး ထုတ်နေတဲ့ နေရာ ဖြစ်ပါတယ် ။

မြန်မာနိုင်ငံ ကျောက်စိမ်း ထုတ်လုပ်မှုက မနှစ်က တနှစ်တည်း မှာ အမေရိကန်ဒေါ်လာ ၃၁ ဘီလျံ ဖိုးရှိ တယ်လို့ Gobal Witness က ရေးသား ပါတယ်။

အဲဒီဒေသ မှာ အစိုးရ စစ်တပ် နဲ့ ဆက်နွယ်တဲ့ ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီ တွေဟာ ခေတ်သစ် သမိုင်းမှာ အကြီးကျယ် ဆုံး သဘာဝ အရင်းအမြစ် ခိုးထုတ်မှုကို ပြုလုပ် ခဲ့ကြဖွယ် ရှိပါတယ်။

ပြီးတော့ ကေအိုင်အေ နဲ့ ပတ်သက်မှု တွေ ကိုလည်း အစီရင်ခံစာက ဖော်ပြထားပါတယ် ။

အစီရင်ခံစာ မှာ ကေအိုင်အေနဲ့ ပတ်သက်ပြီး အချက်အလက် မှားယွင်းမှု အနည်းငယ် ရှိတယ်လို့ ကေအိုင်အေ က ပြောခွင့်ရ ပုဂ္ဂိုလ် ဦး ဒေါင်းခါးက ဆို ပါတယ်။

အစိုးရ ချပေးထားတဲ့ ယန္တရားသုံး ကုမ္ပဏီ ကြီး တွေကြောင့် ကျောက်စိမ်း ဒေသ ပတ်ဝန်းကျင် ပျက်စီးမှု ပိုများတယ် လို့လည်း သူက ဆိုပါတယ်။

ကျောက်မျက် လုပ်ကွက် ချပေးရာမှာနဲ့ ရောင်းချရာမှာ အခွန် ကိစ္စ မသမာမှုတွေ ရှိနေပြီး လက်ရှိ ကျောက်မျက် ဥပဒေ မှာ အားနည်းချက် တွေ ရှိနေတယ် လို့ ဒီအစီရင်ခံစာက ဆိုပါတယ်။

ကုမ္ပဏီ တွေ လုပ်ငန်း ဆောင်ရွက်ရာမှာ စည်းကမ်း မညီညွတ် တာတွေ အပြင် ကျောက်စိမ်း က ရတဲ့ အကျိုးအမြတ် တွေဟာ ဒေသခံ ပြည်သူတွေ အကျိုး ခံစားခွင့် မရှိသလောက် ဖြစ်နေတာ ကို ထောက်ပြ ထားပါတယ် ။

ကမ္ဘာပေါ် ကျောက်စိမ်း အများဆုံး ထွက်ရှိရာ ဒေသက ဒေသခံ အချို့ဟာ အစိုးရတပ်နဲ့ ကချင် လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲတွေ ကြောင့် အခုချိန်ထိ ဒုက္ခသည် စခန်းတွေမှာ နေထိုင် နေကြ ရပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ