ချင်းပြည်နယ်မှာ မဲစာရင်းတွေ အကြီးအကျယ်မှားနေ

  • 26 အောက်တိုဘာ 2015
Salai Ceu Bik Thawng ဓာတ်ပုံ မူပိုင် ceu
Image caption ချင်းအမျိုးသား ဒီမိုကရက်တစ် ပါတီ အတွင်း ရေးမှူး

မြန်မာ နိုင်ငံကနေ ပြည်ပမှာ သွားရောက် အလုပ် လုပ်နေကြတဲ့ ချင်းလူမျိုး ၅ သောင်းရဲ့ နာမည်တွေ မဲစာရင်းမှာ ပါနေတဲ့ အတွက် ချင်းပြည်နယ် မြောက်ပိုင်းမှာ မဲစာရင်း တွေ အမှားအယွင်း များနေတယ်လို့ ချင်း အမျိုးသား ဒီမိုကရက်တစ် ပါတီ CNDP က ပြောပါတယ်။

ချင်းပြည်နယ် မြောက်ပိုင်းမှာ မဲပေးပိုင်ခွင့် ရှိသူ ဦးရေက တစ်သိန်း ခုနှစ်သောင်း ရှိပြီး ပြည်ပရောက် လူ ငါးသောင်းရဲ့ စာရင်း ပါနေတာက စိုးရိမ်စရာ ကောင်းတယ်လို့ ချင်းအမျိုးသား ဒီမို ကရတ်တစ် ပါတီ အတွင်းရေးမှူး ဆလိုင်း ကျဲအိုဘစ်ထောင်းက ပြောပါတယ်။

မဲစာရင်းထဲမှာ ပါသင့်တဲ့ လူတွေရဲ့ စာရင်းတွေက မပါဘဲ မရှိတဲ့ လူတွေရဲ့ စာရင်းတွေ ပါနေတာတွေနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ပြန်လည် သုံးသပ်ဖို့ အစီအစဉ် ရှိပုံ မရဘူးလို့လည်း သူက ပြောပါတယ်။

ဒီလို မဲစာရင်းတွေ မှားနေတာတွေကို အခု ရက်ပိုင်းမှ သိရပြီး အောက်ခြေကနေ တိုင်တန်းမှ ရွေးကောက်ပွဲ ကော်မရှင်က ဆောင်ရွက်ပေးမဲ့ အခြေ အနေကို အားမရဘူးလို့ ဆလိုင်း ကျဲအိုဘစ်ထောင်းက ပြောပါတယ်။

ချင်း ပြည်နယ်ဟာ ရေဘေး အန္တရာယ် သင့်ခဲ့တဲ့ ဒေသ ဖြစ်ပြီး မဲစာရင်း အမှား အယွင်းတွေလည်း ရှိနေလို့ ရွေးကောက်ပွဲကို ရွှေ့ပေးဖို့ သူတို့ CNDP ပါတီက တောင်းဆိုခဲ့သေးတယ်လို့လည်း သူက ဆိုပါတယ်။

အခုလို မဲစာရင်း လွဲမှားမှုတွေ ကိုအချိန်မီ မပြင်နိုင်ရင် ရွေးကောက်ပွဲ ရလဒ်မှာ အငြင်းပွားဖွယ်ရာ ပြဿနာတွေ ရှိလာနိုင်တာကို ချင်းပါတီတွေက စိုးရိမ်နေကြပါတယ်။

အစိုးရနဲ့ နိုင်ငံ တကာ အဖွဲ့ အစည်းတွေ အရပ်ဖက် အဖွဲ့အစည်းတွေ ပူးပေါင်းပြီး မဲစာရင်း လွဲမှားမှုတွေကို အရေးပေါ် ပြင်ဆင်နိုင်ဖို့ စီမံချက်ချ လုပ်ဆောင်သင့်တယ် လို့လည်း ချင်းအမျိုးသား ဒီမို ကရက်တစ်ပါတီ အတွင်းရေးမှူး ဆလိုင်း ကျဲအိုဘစ်ထောင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ