မြန်မာ့ဆန် ပြည်ပ အထွက်နည်းနေ

  • 27 အောက်တိုဘာ 2015
_rice_myanmar ဓာတ်ပုံ မူပိုင် AFP
Image caption နိုဝင်ဘာ အကုန် စပါးတွေ လှိုင်လာတော့မယ့် အချိန်မှာ ပြည်ပ ပို့ကုန် စျေးကွက်လည်း ပျက်နေမယ် ဆိုရင် စပါးစျေး အလွန်အမင်း ထိုးဆင်း သွားမှာ စိုးရိမ် ရ။

မြန်မာ့ဆန် တွေကို အခုလ အောက်တိုဘာ လလယ် က စပြီးတော့ နိုင်ငံခြား တင်ပို့ခွင့်ကို အစိုးရက အကန့်အသတ် မထားတော့ပဲ ပြန်လည် ခွင့်ပြု လိုက် ပြီ ဖြစ်ပေမယ့် တကယ်တမ်း ပြည်ပကို ထွက်နေတဲ့ ဆန်ပမာဏ နည်းပါး နေဆဲ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အဖွဲ့ချုပ် က ပြောပါတယ်။

ဒီလို ဖြစ်နေရတာဟာ အစိုးရက ၂လခွဲ တာ ဆန်တင်ပို့မှု ကို ထိန်းချုပ် ကန့်သတ် ခဲ့တဲ့ အချိန်မှာ ပြည်ပ ဝယ်လက်တွေက တခြား နိုင်ငံတွေ ဆီကနေ ဝယ်ယူ ခဲ့တဲ့ အတွက် စျေးကွက်ထဲမှာ ပြိုင်ဘက် တွေက နေရာယူ သွားနိုင်ခဲ့တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်း က ပြောပါတယ်။

မြန်မာ နိုင်ငံ ပြည်တွင်းမှာလည်း ဆန်စျေးကြီး မြင့် ပြီး ပြိုင်ဘက် ဆန်ပို့ဘက် နိုင်ငံတွေလို မြန်မာ ကုန်သည်တွေ အနေနဲ့ ဆန်စျေးလျှော့ မရောင်းနိုင်တဲ့ အတွက် ပြည်ပကို ဆန်ပို့တာ နည်းနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ တဝှမ်း ရေကြီး ရေလျှံမှုတွေ ကြောင့် စပါး စိုက်ပျိုး ဧက အတော်များများ ဆုံးရှုံး သွားရတဲ့ အတွက် ပြည်တွင်း ဆန် ပြတ်လပ် မှာ စိုးရိမ်ရလို့ အစိုးရ က ဆန်တင်ပို့မှု ကို ထိန်းချုပ် ကန့်သတ် ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာ လယ်သမားတွေ အတွက် စပါးစျေး တင်းတစ်ရာ ၅သိန်းခွဲ လောက်ထိ စျေးကောင်း ရနိုင် ခဲ့ပေမယ့် နိုဝင်ဘာ အကုန် စပါးတွေ လှိုင်လာတော့မယ့် အချိန်မှာ ပြည်ပ ပို့ကုန် စျေးကွက်လည်း ပျက်နေမယ် ဆိုရင် စပါးစျေး အလွန်အမင်း ထိုးဆင်း သွားမှာ စိုးရိမ် ရတယ် ဆိုပြီး ဒေါက်တာ စိုးထွန်း က ပြောပါတယ်။

လောလောဆယ် ပြည်တွင်း ဆန်စျေး အနေနဲ့ လူ အများစု စားကြတဲ့ ဧည့်မထ ဆန် တစ်အိတ် ကို ၂ သောင်း ၁ ထောင် ဝန်းကျင် လောက် ရှိတယ် လို့ ဒေါက်တာ စိုးထွန်း က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ