ဗြိတိန် နဲ့ ဆော်ဒီကြား ဆက်ဆံရေး ပြောင်းလဲလာ

  • 27 အောက်တိုဘာ 2015
saudi_human_rights
Image caption ဆော်ဒီ ရဲ့ ပြည်တွင်း လူ့အခွင့်အရေး အခြေအနေ တွေ အပေါ် ဗြိတိန် ဝေဖန်ခဲ့။

ဆော်ဒီအာရေဗျ နိုင်ငံထဲ က အကျဉ်းထောင် တွေ အတွက် လိုအပ်တဲ့ အကြံဉာဏ်နဲ့ မွမ်းမံ သင်တန်း တွေ ပေးဖို့ စာချုပ် ကို ဗြိတိန် အစိုးရ ဘက် က ပယ်ဖျက် ခဲ့တဲ့ အပြင် ဆော်ဒီ ရဲ့ ပြည်တွင်း လူ့အခွင့်အရေး အခြေအနေ တွေ အပေါ် ဝေဖန် ပြောဆိုမှု တွေ လုပ်ခဲ့တာ ကြောင့် ၂ နိုင်ငံ ဆက်ဆံရေး အပေါ် နောက်ဆက်တွဲ ရိုက်ခတ်မှုတွေ ပြင်းထန် လာနိုင်တယ် ဆိုပြီး ဆော်ဒီ ဘက်က သတိပေးလိုက် ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း ဗြိတိန် နိုင်ငံဘက် က ဆက်ဆံပုံတွေ ဟာ သတိထား မိစေလောက် အောင် ပြောင်းလဲ သွားခဲ့ပြီး နိုင်ငံ အကြား မဟာ ဗျူဟာမြောက် ဆက်ဆံရေး အပေါ် ထိခိုက် လာနိုင် လို့ လန်ဒန်မှာ ရှိတဲ့ ဆော်ဒီ သံအမတ် မင်းသား Mohammed bin Nawaf bin Abdulaziz က ပြောပါတယ်။

ဆော်ဒီ နိုင်ငံဟာ ဘယ်သူ့ရဲ့ သင်ပြ လမ်းညွှန် ဆရာ လုပ်မှု ကို မှ လက်ခံ မှာ မဟုတ်ဘူးလို့ သံအမတ် မင်းသား က ဆိုသလို ဗြိတိန်ရဲ့ ဒီလို အပြုအမူ ဟာ ၂ နိုင်ငံကြား ကုန်သွယ်မှု အဆက်အဆံ တွေ ကို ကျိုးပျက် သွားစေ နိုင်တယ်လို့ လည်း ဆိုပါတယ်။

တခါ၊ ဆော်ဒီ နိုင်ငံ ထဲမှာတော့ တောင်ဘက်ပိုင်း မြို့ဖြစ်တဲ့ Najran မှာ ပလီဝတ်ကျောင်း တစ်လုံး အသေခံ ဗုံးခွဲ တိုက်ခိုက် ခံရလို့ လူ တစ်ဦး သေဆုံးပြီး တချို့ ဒဏ်ရာရ သွားပါတယ်။

အသေခံ ဗုံးသမား ပလီထဲ ဝင်အလာ တားဆီးဖို့ ကြိုးစားခဲ့သူ Ali Ben Ahmad Al Mardama ဆိုသူ သေဆုံး ခဲ့ရတာ ဖြစ်တယ် လို့ ဒေသခံ တွေ က ပြောပါတယ်။

အဲဒီ့ ပလီဟာ ရှီအာ မွတ်ဆလင်မ် ဂိုဏ်းခွဲ တစ်ခု ဖြစ်တဲ့ Ismailis တို့ ရဲ့ ပလီ ဖြစ်လို့ ပစ်မှတ်ထား တိုက်ခိုက် ခဲ့တာ ဖြစ်တယ် ဆိုပြီး ဆွန်နီ မွတ်ဆလင်မ် လက်နက်ကိုင် တွေ ဖြစ်တဲ့ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS က ထုတ်ဖော် ကြေညာ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ