အောင်နိုင်ရေး တိုက်ပွဲ သင်္ဃန်းကျွန်း မြို့နယ်

  • 28 အောက်တိုဘာ 2015
 thein_nyunt ဓာတ်ပုံ မူပိုင် New National Democracy Party
Image caption ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်

ရွေးကောက်ပွဲ နီးလာတာနဲ့ အမျှ ရန်ကုန်တိုင်း မှာ အပြိုင်နွှဲ ရမယ့် မဲဆန္ဒနယ် တွေ ရှိပြီး သင်္ဃန်းကျွန်းဟာ ကိုယ်စားလှယ် ၁ဝ ယောက် ထိ အကျိတ် အနယ်ရှိမယ့် မဲဆန္ဒနယ် တခုပါ ။

သင်္ဃန်းကျွန်း မှာ မဲပေးနိုင်သူ ၁ သိန်း ၃ သောင်း ခန့် ရှိပြီး သုံးပုံတပုံ ခန့်ဟာ အစ္စလာမ် ဘာသာ ဝင် တွေပါ ။

ရပ်ကွက် ၃၈ ခု ရှိပြီး အခြေခံ လူတန်းစား တွေ အများစု နေထိုင်တဲ့ မြို့နယ်လို့ ပြောရ မှာ ဖြစ် ပါတယ် ။

ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်မှာ ပါတီ ၉ ခုနဲ့ တသီး ပုဂ္ဂလ တဦး စုစုပေါင်း ကိုယ်စားလှယ် ၁ဝ ဦး ပြိုင်ကြမယ့် မဲဆန္ဒနယ် လည်း ဖြစ်ပါတယ် ။

ဝင်မယ့် ပါတီ ၉ ခုထဲမှာ NLD ၊ ကြံ့ခိုင်ရေး၊ တစည၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်၊ အမျိုးသား တိုးတက်ရေး ပါတီနဲ့ မြန်မာနိုင်ငံ တောင်သူ လယ်သမား ဖွံဖြိုး တိုးတက် ရေး ပါတီတို့ ပါဝင် ပါတယ် ။

တိုင်း ဒေသကြီး လွှတ်တော် မှာတော့ နာမည်ကြီး ပါတီကြီးတွေ ဖြစ်တဲ့ ပါတီ ၇ ခုက ကိုယ်စား လှယ်တွေ ဝင်ပြိုင်ဖို့ ရှိပါတယ် ။

ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် က ဝင်ပြိုင်မယ့် ကိုယ်စားလှယ် တွေထဲ မှာ NLD ကိုယ်စားလှယ် ဦးရွှေလှဝင်း နဲ့ NLD နဲ့လမ်းခွဲပြီး ပါတီသစ် ထောင် ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ ပါတီသစ် ကိုယ်စားလှယ် ဦးသိန်းညွန့်တို့ နှစ်ဦး ဟာ အကျိတ်အနယ် ပြိုင်ရမယ့် သူတွေလို့ ယူဆရမှာ ဖြစ်ပါတယ် ။

NLD က ဝင်ပြိုင်မယ့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေလှဝင်း ဟာ ကျူရှင် ဆရာ တဦးပါ ။

ဓာတ်ပုံ မူပိုင် u shwe hla win
Image caption NLD အမတ်လောင်း ဦးရွှေလှဝင်း

နှစ်ပေါင်း ၄ဝ ကျော် သင်္ဃန်းကျွန်း မှာ အင်္ဂလိပ်စာနဲ့ ဘောဂဗေဒ ဘာသာရပ် တွေကို သင်ပေးနေတဲ့ နာမည်ကြီး ကျူရှင်ဆရာ ဖြစ်သလို NLD သင်္ဃန်းကျွန်း မြို့နယ် ဥက္ကဋ္ဌပါ ။

မြို့နယ် တွင်း လှည့် မဲဆွယ် တဲ့အခါ သူ့ ဆီမှာ ကျူရှင် တက်ခဲ့တဲ့ သူရဲ့တပည့် တွေ အိမ်တွေ ကနေ ထွက်ပြီး ကြိုဆို တာ ကို တွေ့ခဲ့ရပါတယ် ။

နိုင်ငံရေး အတွေ့ အကြုံ မရှိတဲ့ ကျူရှင်ဆရာ အနေ နဲ့ နာမည်ကြီး နိုင်ငံရေးသမား နဲ့ ယှဉ်ပြိုင်ရမယ့် ရွေးကောက်ပွဲမှာ ပါတီက စိုးရိမ်ကြောင်း ဦးရွှေလှဝင်းက ရှင်းပြပါတယ် ။

သူ့အနေနဲ့ NLD ပါတီ က ကိုယ်စားလှယ်လောင်း အဖြစ် အရွေးမခံခင် ကတည်းက မြို့နယ် အတွက် ပရဟိတ လုပ်ငန်းတွေ ဆောင်ရွက် ခဲ့သလို မဲဆွယ် စည်းရုံးရေး စတဲ့ အချိန်က စလို့ ဟောပြောပွဲ တွေ အပြင် တအိမ် တက်ဆင်း မဲဆွယ် နေပါတယ် ။

ဦးရွှေလှဝင်းနဲ့ အကျိတ် အနယ် ပြိုင်ရမယ့် သူကတော့ လွှတ်တော် မင်းသားကြီး လို တင်စား ကြတဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ရှေ့နေကြီး ဦးသိန်းညွန့် ဖြစ်ပါတယ် ။

ဦးသိန်းညွန့် ဟာ NLD ပါတီ ဗဟို ဦးစီး ကော်မတီ ကနေ၂ဝ၁ဝ က ထွက်ခဲ့ပြီး ပါတီသစ် ထောင်ခဲ့ကာ ၁၉၉ဝ နဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ နှစ်ကြိမ် စလုံး သင်္ဃန်းကျွန်း မြို့နယ် ကနေ ဝင်ပြိုင်ပြီး အနိုင်ရ ခဲ့ပါတယ် ။

သူတို့ ပြိုင်ဘက် လို့ ယူဆရတဲ့ နောက်တဦး ကတော့ ကြံ့ခိုင်ရေး ပါတီ ကိုယ်စားလှယ် ဦးသန့်ဇင် ဖြစ်ပါတယ် ။

လက်ရှိ အာဏာရ ပါတီက ကိုယ်စားလှယ် ဖြစ်တဲ့ အတွက် လျှော့တွက်ထား လို့ မရပါဘူး ။

တပတ်ကျော် သာလိုတဲ့ ရွေးကောက်ပွဲမှာ ဦးရွှေလှဝင်းက သူနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုနေပါပြီ ။

အရင် အတွေ့အကြုံတွေ အရ ပါတီတွေ များတဲ့ နေရာတွေမှာ မဲတွေ ကွဲသွား တတ်တဲ့ အတွက် မထင် တာတွေ ဖြစ်လာ တတ် ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ