နိုင်ကျဉ်း လွှတ်ဖို့ မြန်မာလူ့အခွင့်အရေးကော်မရှင် တောင်းဆို

  • 28 အောက်တိုဘာ 2015
Image caption မြန်မာ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး

မြန်မာ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က နိုင်ငံရေးအကျဉ်းသားတွေ၊ ထိန်းသိမ်းခံကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို လွတ်ငြိမ်းခွင့်ပေးဖို့ အောက်တိုဘာ (၂၇) ရက် ရက်စွဲနဲ့ နိုင်ငံတော် သမ္မတ ထံ မေတ္တာရပ်ခံ ထုတ်ပြန်ခဲ့ပါတယ်။

ကြေညာချက်ထဲမှာ နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမဲ့ ရွေးကောက်ပွဲကို ကြိုဆိုတဲ့ အနေနဲ့ အကျဉ်းထောင်တွေမျာ ရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေ၊ ပညာရေး ဥပဒေ ပြင်ဆင်ရေး သပိတ်မှောက် တောင်းဆိုခဲ့ကြတဲ့ ကျောင်းသား တွေနဲ့ သပိတ်မှောက် ဆန္ဒပြပွဲကို ဝန်းရံပြည်သူ များကို ပြန်လွှတ်ပေး ဖို့ သမ္မတ ဦးသိန်းစိန်ကို မေတ္တာရပ်ခံ တင်ပြထားပါတယ်။

ပြစ်ဒဏ် ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားများနဲ့ ပညာရေး ဥပေဒ ပြင်ဆင်ရေး သပိတ်မှောက် ဆန္ဒပြလို့ ထိန်းသိမ်းခံ ထားရတဲ့ ကျောင်းသားများကို ရွေးကောက်ပွဲမှာ ပါဝင်နိုင်ဖို့ တောင်းဆိုချက်လည်း ပါရှိပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လွတ်လပ်၍ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေဖို့ ကြိုးစားနေပြီး၊ လွတ်လပ်စွာမဲပေး နိုင်ရေး၊ တည်ငြိမ် အေးချမ်းရေး အတွက် ပြည်သူများ က ဝိုင်းဝန်း ကူညီကြဖို့ မေတ္တာရပ်ခံ ကြောင်း ပါရှိပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ နိုင်ငံတကာက ဖိအားပေး တောင်ဆိုမှုတွေရှိကြောင်း၊ လက်ရှိ အစိုးရ အနေနဲ့ လွှတ်ပေးဖို့ သဘောထား ရှိနိုင်ပြီးတော့ လူ့အခွင့်အရေး ကော်မရှင်က ကြားထဲက ဝင်ရောက် ဆောင်ရွက် ပေးတာမျိုး ဖြစ်နိုင်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း များ အရေး လှုပ်ရှားသူ တစ်ဦး ဖြစ်တဲ့ ကိုတိုးကျော်လှိုင်က ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဟာ နိုင်ငံတော် သမ္မတက တိုက်ရိုက်ခန့်ထားတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး အခုလို လူ့အခွင့်အရေး ကော်မရှင်က တောင်းဆိုစာ ထုတ်ပြန်ရတာဟာ အစိုးရ အတွက် ကြားထဲက ဝင်ရောက် လုပ်ကိုင် ပေးတာ ဖြစ်နိုင်ကြောင်း ဝေဖန်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ