UWSA ဌာနချုပ်မှာ တိုင်းရင်းသား ညီလာခံ လုပ်မယ်

  • 28 အောက်တိုဘာ 2015
UWSA Pangseng Confrence ဓာတ်ပုံ မူပိုင် AFP
Image caption ဝပြည်သွေးစည်း ညီညွတ်ရေး ပါတီနဲ့ တိုင်းရင်းသား အဖွဲ့များ လုပ်ခဲ့တဲ့ အစည်း အဝေး တစ်ခုမှာ

ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA က တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ် NCA လက်မှတ်မထိုးဘဲ ကျန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၃ ဖွဲ့ကို သူ့ဌာနချုပ်မှာ လာရောက် ဆွေးနွေးဖို့ ဖိတ်ခေါ်ထား ပါတယ်။

လာမယ့် နိုဝင်ဘာလ ၁ ရက်ကနေ ၃ ရက်နေ့ အထိ ဆွေးနွေးမှာ ဖြစ်တယ်လို့ ဖိတ်ကြားခံရတဲ့ တိုင်းရင်းသား တစ်ဖွဲ့ ဖြစ်တဲ့ SSPP/SSA ရှမ်းပြည် တိုးတက်ရေး ပါတီ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း အဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး စိုင်းလက ဘီဘီစီကို ပြောပါတယ်။

တွေ့ဆုံကြတဲ့ အခါ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းတွေနဲ့ ရွေးကောက်ပွဲ အပြီး တက်လာမယ့် အစိုးရနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဆွေးနွေးကြမယ်လို့ ဖိတ်စာထဲမှာ ဖော်ပြထားကြောင်းလည်း သူက ပြောပါတယ်။

NCA လက်မှတ်မထိုးဘဲ ကျန်နေတဲ့ အဖွဲ့တွေချည်းပဲ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပြီး အစိုးရနဲ့ အပစ် အခတ် ရပ်စဲရေး ကိစ္စတွေတော့ ဆွေးနွေး ကြနိုင်ဖွယ် ရှိတယ်လို့ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

အစိုးရ ဘက်က လက်မခံတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ဖယ်ထားပြီး အပစ်ရပ် စာချုပ် လက်မှတ်ထိုးမယ် ဆိုရင် တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ်လို့ ခေါ်နိုင်မှာ မဟုတ်ကြောင်းနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေလိမ့်ဦးမယ်လို့ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

ဒီညီလာခံကို SSPP/SSA ဘက်က ဒုတိယ ဥက္ကဌရော နာယက အပါအဝင် ၅ ယောက် တက်ရောက်မယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ