ဘီဘီစီ သတင်းထုတ်ပြန်ချက်

  • 29 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် BBC Burmese

ဘီဘီစီမြန်မာပိုင်းက မြန်မာ့နိုင်ငံရေး အပြောင်းအလဲ အကြောင်း ဆွေးနွေး၊ ယူကေရဲ့ ဒီမိုကရေစီကို ရှင်းပြ။

၂၀၁၅ အောက်တိုဘာ ၂၉ ရက်။ လာမယ့် မြန်မာ့ အထွေထွေရွေးကောက်ပွဲ အကြိုအဖြစ် ဘီဘီစီမြန်မာပိုင်း ကနေ ဒီမိုကရေစီနဲ့ ပတ်သက်လို့ အထူးအစီအစဉ်တွေ ဆောင်ရွက်ထားပါတယ်။ နိုဝင်ဘာလ ၁ ရက် တနင်္ဂနွေနေ့မှာ ပြုလုပ်မယ့် ‘မေးဖြေစရာ ဒီချိန်ခါ’ အစီအစဉ်မှာ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲ ဆိုတဲ့ အဓိပ္ပာယ်ကို ပရိသတ်တွေ အနေနဲ့ ထိပ်တန်း နိုင်ငံရေးသမားတွေကို မေးမြန်းခွင့် ရကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘီဘီစီ အကယ်ဒမီနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ပါလီမန်ဝေါဟာရများ အစီအစဉ်ကလည်း မြန်မာနိုင်ငံရေး သမားတွေနဲ့ တက်ကြွ လှုပ်ရှားသူတွေအတွက် ယူကေ ပါလီမန် ဒီမိုကရေစီစနစ် ဘယ်လို လုပ်ဆောင်တယ် ဆိုတာကို နားလည်ဖို့ အထောက်အကူပြုမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ရှေးဟောင်းမြို့တော် ဖြစ်တဲ့ မန္တလေး မြို့တော်မှာ ပထမဆုံးအကြိမ် ရိုက်ကူး တင်ဆက်မယ့် ‘မေးဖြေစရာ ဒီချိန်ခါ’ အစီအစဉ်မှာ နိုင်ငံရေးသမားတွေ၊ တက်ကြွ လှုပ်ရှားသူတွေ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ဘာသာရေးနဲ့ လူမျိုးစု ခေါင်းဆောင်တွေ၊ လိင်တူချစ်သူ အခွင့်အရေး လှုပ်ရှားသူတွေ၊ အနုပညာရှင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ရပ်မိ ရပ်ဖတွေ၊ ရှေ့နေတွေ ၊ မသန်စွမ်းသူတွေ စတဲ့ ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်မယ့် ဧည့်သည် ၁၅၀ ကို ဖိတ်ကြားထားမှာ ဖြစ်ပါတယ်။

ပင်တိုင် ဆွေးနွေးမည့်ပုဂ္ဂိုလ်များ

၁။ ဦးရဲထွဋ်။ ပြည်ထောင်စုဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန

၂။ ဦးဝင်းမောင်။ ဗဟိုအလုပ်အမှုဆောင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

၃။ ဦးဖြိုးဇေယျာသော်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

၄။ ဦးစိုင်းညွန့်လွင်။ အထွေထွေအတွင်းရေးမှူး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်

၅။ ဒေါ်မေစပါယ်ဖြူ။ ညွှန်ကြားရေးမှူး၊ ကျားမ တန်းတူညီမျှရေးကွန်ရက်(GEN)၊ ၂၀၁၅ ခုနှစ် နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိ ဆုရှင်

အစီအစဉ် တင်ဆက်မယ့် ဘီဘီစီ မြန်မာဌာနမှူး ဒေါ်တင်ထားဆွေက ‘‘မေးဖြေစရာ ဒီချိန်ခါ အစီအစဉ်ကို ဘီဘီစီပရိသတ် အများစုနေထိုင်ရာ ဒေသမှာ ပြုလုပ်မှာ ဖြစ်တယ်။ သမိုင်းဝင် ရွေးကောက်ပွဲကြီး နီးလာချိန်မှာ မဲဆန္ဒရှင်တွေကို ကိုယ်စားပြုနိုင်မယ့် ပရိသတ်ကြီးဟာ ခေါင်းဆောင်တွေနဲ့ တိုက်ရိုက် မေးမြန်းဖို့ အခွင့်ထူးကြီး ရကြမှာ ဖြစ်တယ်။ ရွေးကောက်ပွဲ မဲဆွယ်ရာမှာ ‘အပြောင်းအလဲ’ ဆိုတဲ့စကားက နိုင်ငံရေးလောက တခုလုံးမှာ လွှမ်းမိုးနေတဲ့အတွက် မဲဆန္ဒရှင်တွေပြောတဲ့ အပြောင်းအလဲဆိုတာ ဘာလဲ၊ နိုင်ငံရေးသမားတွေကလည်း အပြောင်းအလဲအတွက် ဘာကို ကတိပေးတာလဲ ဆိုတာ စူးစမ်းကြမှာ ဖြစ်ပါတယ်’’ လို့ ပြောပါတယ်။

ဒီအစီအစဉ်ကို နိုဝင်ဘာလ ၂ ရက်နေ့နဲ့ ၃ ရက်နေ့ ဘီဘီစီ ညပိုင်းအစီအစဉ်တွေမှာ ထုတ်လွှင့် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ဘီဘီစီ ကမ္ဘာတလွှား ဘာသာစကား အစီအစဉ်တွေထဲမှာ ပထမဆုံးအနေနဲ့ ဘီဘီစီမြန်မာပိုင်းကနေ Democracy Live Glossary ဝေါဟာရ စီမံကိန်းကို၂၀၁၄ နွေရာသီမှာ စတင်ခဲ့ပါတယ်။ ဒီ ပါလီမန်ဝေါဟာရများအစီအစဉ်ဟာ မြန်မာ့ နိုင်ငံရေးသမားတွေ အနေနဲ့ ယူကေ ပါလီမန်စနစ်ကို နားလည်အောင် အထောက်အကူပြုဖို့ ရည်ရွယ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ မတိုင်ခင် အချိန်မီပြုစုထားတဲ့ ပါလီမန် ဝေါဟာရ အသုံးအနှုန်း ၃၀၀ နီးပါးကို အခုအခါ ဘီဘီစီ အကယ်ဒမီ မြန်မာဝက်ဘ်ဆိုက် မှာ ကြည့်ရှုနိုင်ကြပါပြီ။

‘‘ဘီဘီစီအကယ်ဒမီရဲ့ အကူအညီနဲ့ ဘီဘီစီမြန်မာပိုင်းကနေ တင်ဆက်လိုက်တဲ့ ဒီဝေါဟာရတွေဟာ ယူကေ ပါလီမန် ဒီမိုကရေစီစနစ် ဘယ်လို လုပ်ဆောင်တယ် ဆိုတာ လေ့လာလိုသူတိုင်း အတွက် အဖိုးတန်တဲ့ ရည်ညွှန်းစာပေ ဖြစ်လာပါမယ်’’ လို့ ဒေါ်တင်ထားဆွေက ပြောပါတယ်။

ဘီဘီစီ မြန်မာပိုင်းဌာနက ထုတ်လွှင့်ချက်တွေကို ၂၀၁၅ ကိန်းဂဏန်းအရ တစ်ပတ်ကို သောတရှင် ၆ ဒဿမ ၉သန်း နားဆင်ပါတယ် ။ ၂၀၁၅ အောက်တိုဘာ အထိ ဘီဘီစီမြန်မာ ဖေ့စ်ဘွတ်ရဲ့ ပရိသတ် စုစုပေါင်း ၃ ဒဿမ ၃ သန်းရှိပါတယ်။ ဘီဘီစီမြန်မာပိုင်း ရေဒီယိုကို လှိုင်းတိုနဲ့ အေးရှားဆက် ၅၊ ဂြိုဟ်တုလိုင်းအပြင် bbcburmese.com အင်တာနက် အွန်လိုင်းကနေ နားဆင်နိုင်ပါတယ်။ နိုင်ငံတဝန်း FM ရေဒီယိုတွေကနေလည်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် အချို့ကို ထုတ်လွင့်ပေးနေပါတယ်။ ဘီဘီစီ သတင်းလွှာတွေကို မိုဘိုင်းဖုန်းကနေလည်း နားဆင်နိုင်ပါတယ်။ ဘီဘီစီ မြန်မာတီဗွီ အစီအစဉ်ကို တနင်္လာ ကနေ သောကြာနေ့အထိ MNTV ရုပ်သံလိုင်းကနေ မြန်မာစံတော်ချိန် ည ၈ နာရီ ၄၅ မိနစ် မှာ ထုတ်လွင့်လျက်ရှိသလို ဘီဘီစီ မြန်မာဝက်ဘ်ဆိုက် bbcburmese.com မှာလည်း ကြည့်ရှုနိုင်ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ