ဗကသ ခေါင်းဆောင် ကျော်ကိုကို အဖမ်းခံရ

  • 29 အောက်တိုဘာ 2015
Students protest against Education Bill ဓာတ်ပုံ မူပိုင် b
Image caption ပညာရေး ဥပဒေကို ကန့်ကွက်တဲ့ ကျောင်းသား တွေရဲ့ ဆန္ဒပြမှုကို မတ်လက ဖြိုခွင်းခဲ့

ဖမ်းဝရမ်း အထုတ်ခံထားရသူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဗကသ ဗဟိုလုပ်ငန်းကော်မတီ ဥက္ကဌ ကိုကျော်ကိုကို ကို ရဲတွေက အောက်တိုဘာလ ၂၉ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။

သူ့ကို ရန်ကုန် တိုင်း သင်္ကန်းကျွန်းမြို့နယ် စံပြဈေး နားမှာ နေ့လယ် ၁၂ နာရီ လောက်က ဖမ်းဆီး သွားတာ ဖြစ်တယ်လို့ သူ့ရဲ့ ဖခင်ဖြစ်သူ ဦးကျော်အေးက ဘီဘီစီကို ပြောပါတယ်။

ကိုကျော်ကို ကို လွန်ခဲ့တဲ့ ၃ လ လောက် ကတည်းက ငှားရမ်းနေထိုင်တဲ့ စံပြဈေး အနောက်က နေအိမ်မှာ ရဲတွေက ဝင်ရောက် ရှာဖွေပြီး ပစ္စည်းတွေကို သိမ်းသွား ခဲ့တယ်လို့လည်း ဦးကျော်အေးက ပြောပါတယ်။

အမျိုးသား ပညာရေး ဥပဒေကို သပိတ်မှောက်တဲ့ ကျောင်းသားသပိတ်မှာ ဦးဆောင် ပါဝင်မှု၊ မတ်လ ၁၀ ရက် နေ့က လက်ပံတန်းကျောင်းသား သပိတ်ဖြိုခွဲခံရပြီး ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းမှာ ဆန္ဒပြမှုတို့ကြောင့် ဥပဒေနဲ့ ဆန့်ကျင်တဲ့ လူစုလူဝေးမှာ ပါဝင်မှုနဲ့ အစိုးရက သူ့ကို ဖမ်း ဝရမ်း ထုတ်ထား ပါတယ်။

ကိုကျော်ကိုကိုကို စီတန်း လှည့်လည် ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ အမှုဖွင့် ထားသလို သပိတ်မှောက် ကျောင်းသားတွေ အမှုရင်ဆိုင်နေရတဲ့ လက်ပံတန်းမြို့နယ် တရားရုံး ကလည်း တရားခံပြေး အဖြစ် ကြေညာထား ပါတယ်။

အခု ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးကို ဆက်သွယ်ခဲ့ ပေမဲ့ ဖြေကြားခြင်း မရှိခဲ့ပါဘူး။

သင်္ကန်းကျွန်းမြို့နယ် ရဲစခန်းကတော့ ဖမ်းဆီးမှုကို မသိဘူးလို့ ပြောပါတယ်။

လောလောဆယ် ကိုကျော်ကိုကို ကို ဘယ်သူက ဖမ်းပြီး ဘယ်မှာ ထားတယ် ဆိုတာ မသိရသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ